ရန်ကုန် ၇ ဇွန်

မြန်မာနိုင်ငံ၏ တောင်တန်းဒေသဖြစ်ပြီး သွားလာရခက်ခဲသော ချင်းပြည်နယ် ဖလမ်းမြို့အနီး တည်ဆောက်လျက်ရှိသော ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

“အဓိက ဆောင်ရွက်နေတဲ့ လေယာဉ်ပြေးလမ်းနဲ့ လေယာဉ်ရပ်နားရာနေရာ လုပ်တာကတော့ အကုန်လုံး ရာနှုန်းပြည့် ပြီးသွားပြီ။ လေဆိပ်အဆောက်အအုံကလည်း ရာနှုန်းပြည့်ပြီးသွားပြီ။ ကျန်တာက ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ ရေမြောင်းတို့ဘာတို့ပဲ နည်းနည်းကျန်တယ်။ ဆက်သွယ်ရေးပိုင်း ဆိုင်ရာက ရှေ့တစ်ပတ်ဆိုပြီးမယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဇော်က ပြောကြားသည်။

 

ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရန်အတွက် မြေပြင်ကွင်းဆင်း လေ့လာတိုင်းတာခြင်း၊ တောရှင်းခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်းလုပ်ငန်းများကို ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်အလိုက် ဘတ်ဂျက်ငွေ ရရှိမှုပေါ်မူတည်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

 

လေဆိပ်တည်ဆောက်မှုလုပ်ငန်းများကို မူလက ၂၀၂၁ ခုနှစ်တွင် အပြီးတည်ဆောက်ရန် လျာထားခဲ့သော်လည်း သတ်မှတ်ကာလထက်စော၍ လုပ်ငန်းများပြီးစီးမှုကြောင့် ၂၀၂၀ ပြည်နှစ် ဇူလိုင်လအတွင်း လုပ်ငန်း များအပြီးသတ်မည်ဟု ခန်မှန်းထားကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန် သွားလာမှု အခက်အခဲ များကြောင့် နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများတွင် အနည်းငယ်နှောင့်နှေးမှုများ ပေါ်ပေါက်ခဲ့ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ၉၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ခရီးသည် ၇၀ ကျော်လိုက်ပါ စီးနင်းနိုင်သော ATR – 72 လေယာဉ်များ အတက်အဆင်းပြုလုပ်နိုင်ရန် ရည်ရွယ် တည်ဆောက်လျက်ရှိသော ဆူရ်ဘုန်လေဆိပ်မှာ လေယာဉ်ပြေးလမ်းအရှည် အလျားပေ ၆၀၀၀ ရှိပြီး အနံပေ ၁၀၀ ရှိကြောင်း သိရသည်။ Steel Structure များဖြင့် တည်ဆောက်ထားသော တစ်ထပ်ခွဲလေဆိပ် အဆောက်အအုံမှာ ခရီးသည် ၂၅၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လေဆိပ် အဆောက်အအုံတွင် လက်ပြဆောင်၊ ကော်ဖီဆိုင်တို့ပါဝင်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီကာ သာမန်လေဆိပ်များနှင့်မတူသော အခုံးပုံသဏ္ဌာန်ဒီဇိုင်းထည့်သွင်း တည်ဆောက် ထားကြောင်း သိရသည်။

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - လင်းညွှန့်