မြင်းခြံ  ၇  ဇွန် 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ ပဲတီစိမ်းစိုက်ပျိုးသူများ ပဲတီစိမ်းဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း လေးအိမ်တန်း ကျေးရွာနေ တောင်သူ ဦးဖိုးကျော် ထံမှ သိရှိရသည်။

                       

ယခု ပဲတီစိမ်း တစ်ပိဿာကို ကျပ် ၁၅၀၀ ကနေ ကျပ် ၁၈၀၀ ထိ ဈေးကောင်းရပြီး မေလတုန်းက ကျပ် ၂၂၀၀ ထိ ရရှိကြောင်း သိရသည်။ ပဲတီစိမ်းကို တပေါင်းလဆန်းတွင် စိုက်ပျိုးကြသည်။ ကဆုန်လဆုတ်တွင် ပဲတီစိမ်း စတင်ဆွတ်ခူးနိုင်ပြီး မဆွတ်ခူးခင် ရေသွင်းရကြောင်း သိရသည်။ ပဲတီစိမ်းကို တပေါင်းလဆန်းမှ စတင်စိုက်ပျိုးပါက ပထမ အကြိမ် ကဆုန်လဆုတ်တွင် ဆွတ်ခူးနိုင်ပြီး ၊ ရက် ၂၀ နေပြီး ဒုတိယအကြိမ်၊ နောက်ထပ် ၁၃ ရက် နေပြီးပါက တတိယအကြိမ် ဆွတ်ခူးနိုင်ကာ  ပဲတီစိမ်းမဆွတ်ခူးမီ ရေသွင်းရပြီး အသီးသီးခါနီးတွင်လည်း ရေတစ်ကြိမ် သွင်းရကြောင်း ပဲတီစိမ်းစိုက်ပျိုးသူ ဦးဝဏ္ဏအောင် က ပြောသည်။ ပဲတီစိမ်း စိုက်ခင်း တစ်ဧကလျှင် ပထမအကြိမ် ဆွတ်ခူးပါက ၂၅ တင်းရရှိပြီး၊ ဒုတိအကြိမ် တင်း ၂၀၊ တတိယအကြိမ် ၁၅ တင်း ရရှိသည်။ ပဲတီစိမ်း တစ်ခါစိုက်လျှင် သုံးခါ ဆွတ်ခူးနိုင်ပြီး တစ်တင်းလျှင် ပိဿာ ၂၀ ရှိကြောင်း သိရသည်။ ယခင်နှစ်များတွင် ပဲတီစိမ်း တစ်ပိဿာလျှင် ကျပ် ၁၄၀၀ မှ ကျပ် ၁၅၀၀ ထိ ရရှိသည့်အတွက် တောင်သူများ အနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့ ခဲ့ရသည်။

                       

ပဲတီစိမ်းများ ဆွတ်ခူးပြီးပါက နေလှမ်းကာ အသီးနှင့် အခွံများကို ခွဲထုတ်ရသည်။ ပဲတီစိမ်းအခွံနှင့် အပင်များကိုလည်း လွှင့်မပစ်ရဘဲ နွားစာအဖြစ် ကျွေးလျက်ရှိကြောင်း ဦးဖိုးကျော်ထံမှသိရသည်။ တောင်သူများအတွက် ပဲတီစိမ်းစိုက်ပျိုးသည့်အတွက် ဝင်ငွေလည်းရရှိပြီး အခွံကို နွားကျွေးခြင်း၊ ပင်စည်များကို မြေဩဇာအဖြစ် အသုံးပြုနိုင်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

ကျော်စွာ(မြင်းခြံ)