မိုးညှင်း ၇ ဇွန်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာ အလယ်မှဖြတ်၍ အင်းတော်ကြီးကန်အတွင်း စီးဝင်သည့် ခေါင်းတုံးချောင်း ရှင်းလင်းရေးနှင့် နုံးတားဆည် တည်ဆောက်ပြီးစီးမှုကို ဇွန် ၆ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းနောင်ကျေးရွာမှ တစ်မိုင်ခန့်ကွာဝေးသည့် ခေါင်းတုံးချောင်း အထက်ပိုင်းနုန်းတားကန် တည်ဆောက်ထားမှု အခြေအနေများနှင့် ခေါင်းတုံးချောင်း ရှင်းလင်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး မိုင်းနောင်ကျေးရွာ ရွာလယ်တံတားအနီး ခေါင်းတုံးချောင်း တာပေါင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါခေါင်းတုံးချောင်း ရှင်းလင်းရေးလုပ်ငန်းအား ဘက်ဟိုးယာဉ် ၁၂ စီးဖြင့် ချောင်းအရှည် နှစ်မိုင်ခွဲခန့်အား အကျယ် ပေ ၈၀ ၊ အနက် ခုနစ်ပေကို မေလမှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အင်းတော်ကြီးကန်အတွင်း ခေါင်းတုံးချောင်းရေ စီးဝင်သည့် ချောင်းဝအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့သည်။
ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည် အင်းတော်ကြီးကန်ရေ နည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒေါ်ပုလဲ ဓမ္မာရုံနှင့် ရွှေမဉ္ဖူရေလယ်ဘုရားအကြား သဲသောင်ပြင် (ဒေသအခေါ်နတ်လမ်း) ပေါ်ထွန်းလာမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး အင်းတော်ကြီးကန်ရေပြင်သည် ယခင်မိုးတွင်းကာလ၌ မိုးရွာသွန်းမှု လျှော့နည်းလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များနှင့်အတူ အင်းတော်ကြီး ကန်ရေကမ်းစပ် အချို့နေရာများတွင် တိမ်ကောလာပြီး သဲသောင်ဖြစ်ထွန်းမှုများ ရှိလာကြောင်း တာဝန်ရှိသူတို့မှ ရှင်းလင်းပြောကြားခဲ့သည်။
ဝန်ကြီးမှ အင်းတော်ကြီးကန် မတိမ်ကောရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။ ယမန်နှစ်က မိုးရွာသွန်းမှုအခြေအနေမှာ ၂၀၁၆ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အထိ နှစ်စဉ်မိုးရွာသွန်းရက်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး ပျမ်းမျှမိုးရေချိန် လက်မ ၆၀ ခန့်ရွာသွန်းခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း မိုးရွာသွန်းရက် ၆၅ ရက်သာရှိပြီး မိုးရေချိန် မှာ ၄၈ ဒသမ ၈ လက်မခန့်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဇန်နဝါရီလမှ မေလအထိ ၁၆ ရက်သာ မိုးရွာသွန်းပြီး မိုးရေချိန် ၆ ဒသမ ၆ လက်မသာ ရွာသွန်းခဲ့သည်။ ကန်ရေအတိမ်အနက်မှာလည်း ယခုနှစ် မေလအတွင်း ကန်ရေအနက်ဆုံးနေရာတွင် ပေ ၆၀ ခန့်သာရှိပြီး နှစ်အစပိုင်းလများနှင့် နှိုင်းယှဉ်ပါက ၆ ပေခန့် ကျဆင်း သွားကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏အကြီးဆုံး ကုန်းတွင်းရေနေ ရေချိုအိုင်ကြီးဖြစ်ပြီး ကန်ပတ်ဝန်းကျင်တွင် ကြိုးဝိုင်းသစ်တော ငါး ခုကိုအင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင်သတ်ခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြု အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် ၂၀၀၃ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၆ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။
ခွန်တွန်း


