ရန်ကုန် ၇ ဇွန်
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့နံနက် ၁၁ နာရီတွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။
ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က “ဒီနေ့ခရီးစဉ်ကတော့ WFP ရဲ့ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ WHO ရဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ဓါတ်စမ်းပစ္စည်း (Reagents) တွေ အပါအဝင် ဓါတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ ဆေးပစ္စည်းတွေကို သယ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ WHO အနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ လွှဲပြောင်းလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ပြောသည်။
ဆက်လက်၍ ၎င်းက “အခုလို လေယာဉ်ခရီးစဉ်တွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံထဲကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အရေးတကြီးလိုအပ်နေတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ဖို့အတွက် ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။
အထူးလေယာဉ်ဖြင့်ရောက်ရှိလာသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ တစ်သောင်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)နှင့် အတူ ဆေးဝါးနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြစ်ပြီး ယင်းပစ္စည်းများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်း လှူဒါန်း သွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်းစာနာထောက်မှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ အစီအစဉ်ကိုဆောင်ရွက်ခဲ့ရာ ယင်းအစီအစဉ်အရ မေ ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင် ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ ဆေးဝါးနှင့်အထောက်အကူပြု ပစ္စည်းများ တင်ဆောင်လာသော ထောက်ပံ့ရေး အထူးလေယာဉ်များ ဆိုက်ရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်များအရ မေ ၁၀ ရက်တွင် ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် Gavi (Global Alliance for Vaccines and Immunisation) အဖွဲ့၏ထောက်ပံ့မှုဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)နှင့် ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ မေ ၁၇ ရက်တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကဝယ်ယူထားသော တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို လည်းကောင်း သယ်ယူပို့ဆောင် နိုင်ခဲ့ပြီး ယင်းလေကြောင်းခရီးစဉ် ပျံသန်းမှု သုံးကြိမ်၏ ကုန်ကျစရိတ်အား ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။
ထို့အတူ WFP အနေဖြင့် မေ ၃၁ ရက် စတုတ္ထအကြိမ်မြောက် ခရီးစဉ်မှ စတင်ကာ WFP ၏ ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် ပြောင်းလဲ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်တွင် WHO က ထောက်ပံ့ကူညီသည့် အမေရိကန်ဒေါ်လာ ၁၆၆၈၆ တန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုသယ်ဆောင်နိုင်ခဲ့သည်။
WFP ၏အဆိုပါ အစီအစဉ် သည် ကမ္ဘာအနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေးဗဟိုဌာန (Logistics Hubs) များနှင့် ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိနေသည့် နိုင်ငံများဆီ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်း နှင့်ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


