သုံးခွ ၇ ဇွန်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် အသိပညာပေးလက်ကမ်း စာဆောင်များနှင့် ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းအင်းအိုင် အနှံအပြား၌ ဉများဖြင့် ပြည့်နေသော ငါးမကြီးများနှင့် မျိုးရေပြည့်ဝနေသော ငါးထီးကြီးများသည် ဉချရန် နေရာရှာ၍ ငါးရစ်တက်ပါကြောင်း၊ ထိုငါးရစ်များကို ဖမ်းဆီးလိုက်ပါက ပေါက်ဖွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များသည် သေကြေပျက်ဆီးကာ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံး ငါးရိက္ခာ ဖူလုံစွာစားသုံးနိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်း မပြုစေလိုကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးတင်ဝင်းမှ ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ်(၂/၉၂)ဖြင့် ငါးရစ်ငါးသန် ရာသီချိန်များတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှတစ်ပါး ငါးများ ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ရေချိုငါးလုပ်ငန်းဉပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးခံရမည်ဖြစ်ကြောင်းသိရသည်။
MDN


