ရန်ကုန် ၇  ဇွန်        

ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း လုပ်ငန်းများရပ်တန့်နေချိန် မြန်မာ့ရုပ်ရှင်လောက၏ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ရုပ်ရှင်စက်မှုအဖွဲ့သား ၅၀၀ ခန့်အား အေြခခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်း၌ ကျင်းပသည်။ 

 

“အခုလို ကိုဗစ်ကာလလဲဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်ထားရတဲ့ အချိန်ကာလတွေမှာ ရုပ်ရှင်လောကက စက်မှုရိုက်ကူးရေးအဖွဲ့တွေဟာ ပါးရှားကြပါတယ်။ ရုပ်ရှင်ကနေထောက်ပံ့တဲ့ အကြိမ်တွေမှာလည်း စက်မှုလုပ်သားအဖွဲ့တွေက ပါတာနည်းပါတယ်။ ရုပ်ရှင်စက်မှုအဖွဲ့တွေမှာ နေစားလုပ်နေကြတဲ့သူတွေက ဦးရေရာနဲ့ချီရှိတယ်။ ဒီလူတွေအတွက်ကို အဓိကရည်ရွယ်ပြီး အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးတာပါ။” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစိန်အုန်းကပြောသည်။ 

                 

မြန်မာ့ရုပ်ရှင်လောကရှိ စက်မှုအဖွဲ့မှ မီးထိုး၊ မှန်ထိုး၊ ထော်လီတွန်း၊ ထိုင်ခုံမ၊ ပစ္စည်းသယ်၊ ဂယ်ဖာ စသော ရုပ်ရှင်အစည်းအရုံး အသိအမှတ်ပြု နေစားလုပ်သား (၅၀၀) ခန့် အား Social Distanction သုံးပေအကွာဖြင့် တစ်ဦးချင်း အလိုက်တန်းစီကာ  ဆန် (၄) ပြည်၊ ဆီ ငါးဆယ်သား၊ ကြက်ဥ (၁၀) လုံး၊ အာလူးတစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာ စသော အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

 

ယနေ့ ထောက်ပံ့မှုအတွက် သုံးရောင်ခြယ်ပြည်သူ့အကျိုးပြု လူမှုကွန်ရက်နှင့်အတူ မင်္ဂလာရုပ်ရှင်၊ လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး၊ City FM၊ ရွှေနေခြည်ကုမ္ပဏီနှင့် အောင်သရဖူ /အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် Mandalay Film Production တို့မှ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်းဓာတ်ပုံ - အေကေလင်း