နေပြည်တော် ၇ ဇွန်
မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဇွန် ၆ ရက် နံနက် ၁၀ နာရီခွဲ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၂)လမ်းတွင်တွေ့ရှိသူ စိုင်းရွှေနှင့် မနန်းရှန်နွန်း တို့အားစစ်ဆေးရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉,၈၇၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဇော်ဂျီ(၂)လမ်းနေ ဖေသန်းအောင်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိဖမ်းဆီးရမိပြီး မြန်မာငွေ ကျပ် ၆၀ဝ,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံး၊ NISSAN NAVARA အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် မော်တော် ဆိုင်ကယ်တစ်စီးတို့ကိုလည်းကောင်း၊ ဆက်လက်၍ ဖေသန်းအောင်၏ နေအိမ်ရှေ့ အလိုတော်ပြည့် (၂)လမ်းသွယ်တွင်တွေ့ရှိသူ အောင်နိုင်စိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇွန် ၅ ရက် ညပိုင်းက အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာအနီး၊ မြဝတီ-ရန်ကုန်လမ်းတွင် ကျော်ဝင်းထွန်း မောင်းနှင်လာသည့် HIACE အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ Sodium Cyanide ၂,၅၀ဝ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ ဇွန် ၆ ရက် နံနက်ပိုင်းတွင် အထက်ပါနေရာ၌ပင် သိန်းသန်းမင်း(ခ)မင်းအောင် အားဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘုံရပ်၊ လောကပီတိလမ်းရှိ ဝေယံ(ခ)ဒေးဗစ်၏ နေအိမ်အားရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်ခြံဝင်းအတွင်း ကျော်ဝင်း၊ ချစ်စမ်းမောင်(ခ)အောင်ကိုလတ်၊ သက်နောင်တို့အား KIA အမျိုးအစားမော်တော်ယာဉ်နှင့် တွေ့ရရှိပြီး ၎င်းမော်တော်ယာဉ်အနီးမှ Sodium Cyanide ၁,၂၅၀ ကီလို ကိုလည်းကောင်း၊ ကွင်းဆက်အရ ဇော်ထက်အောင် အား မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဒေါနပန်းလမ်းရှိ ဂိုဒေါင်အတွင်းမှ Sodium Cyanide ၂၀,ဝ၀ဝ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဇွန် ၆ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုင်းဆတ် မြို့နယ်၊ မိုင်းတွန်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာနေ အားစေ(ခ)အားဆူ၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၉၅ ကီလို၊ ကက်တမင်း ၁၀ ဒသမ ၅ ကီလို၊ ၁၂ ဗို့ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ ထိုင်းဘတ်ငွေ ၂ သိန်း၊ ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ရ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူ ထားကြောင်း ရဲပြန်ကြားမှ သိရသည်။
(သတင်းစဉ်)