မြဝတီ ၇  ဇွန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိသည့် ဟိုတယ်နှင့် တည်းခိုခန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကို ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများအဖြစ် သတ်မှတ်ထားရှိသည့် လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုခံယူပြီး သတ်မှတ်ချက်၊ အကြံပြုချက်များနှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်သွားရန် ညွှန်ကြားထားပြီး ဖြစ်သည့်အတွက် ယခုကဲ့သို့ လိုက်လံ စစ်ဆေးရခြင်းဖြစ်ကြောင်း မြဝတီခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လိုက်လံစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့မှ ပူးပေါင်းစစ်ဆေးခြင်းဖြစ်သည်။

မြဝတီမြို့အနေဖြင့် လိုင်စင်ရယူထားသည့် ဟိုတယ် ၁၄ လုံးနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်း ၆၄ လုံး ရှိပြီး ယနေ့တွင် ဟိုတယ် ငါးလုံးနှင့် တည်းခိုခန်း ၆ လုံးတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)