သာစည်  ၈  ဇွန်

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက်၊ ဆင်ရွာ၊ မြိုင်သာကျေးရွာများအနီးတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လျှော်ဖြူခြံများတွင် မေလနှောင်းပိုင်းမှ စတင်၍ လျှော်ဖြူစေးများ ထုတ်ယူလျက်ရှိရာ လျှော်ဖြူစေးထုတ်ယူခြင်းလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်လျက်ရှိသော ဒေသခံများ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိကာအဆင်ပြေကြကြောင်း သိရသည်။

 

“ကျွန်တော်တို့ စိုက်ပျိုးမြေဧက ၁၃၅ ဧကကို ခြံခုနစ်ခြံခွဲ စိုက်ပျိုးထားပြီး အပင်ပေါင်း ၂၂၀ဝ၀ ခန့်ရှိပါတယ်။ စတင်စိုက်ပျိုးချိန်ကတော့ တစ်ချိန်တည်းမဟုတ်ပါဘူး ၂၀၁၃ ခုနှစ်ကနေ တစ်နှစ်ပြီး တစ်နှစ်တိုးချဲ့စိုက်ပျိုးခဲ့တာပါ။  ဒါ့ကြောင့် အပင်သက်တမ်းဟာ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ် သက်တမ်းရှိပါပြီ အစေးထုတ်ယူခြင်းလုပ်ငန်းကိုတော့ မနှစ်က ရာသီချိန်မှာစတင်ခဲ့ပါတယ်။ အစေးဖြိုင်ဖြိုင်ထွက်တဲ့ အချိန်ဆိုဒေသခံ ၂၀ဝ လောက်အထိအလုပ်အကိုင်ပေးနိုင်ပါတယ်။ အစေးထုတ်ယူတဲ့ ကာလကတော့ မေလနှောင်းပိုင်းလောက်ကနေ ဒီဇင်ဘာလအထိပါ။ ဈေးနှုန်းက မနှစ်က တစ်ပိဿာကို ငွေကျပ် လေးငါးခြောက်သောင်းလောက်အထိရပြီး  ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် ဈေးကျနေပါတယ် ဈေးကွက်ကတော့ ပြည်တွင်းဈေးကွက်ပါပဲ မန္တလေးကိုတင်ပို့ပါတယ်။ နောက်ပိုင်းဆိုရင်တော့    ကိုယ်တိုင် ပြည်ပအထိတင်ပို့ရောင်းချနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေကြောင်း” ကိုရွှေလျှော်ဖြူစိုက်ပျိုးရေး ကုမ္ပဏီမှ ဒါရိုက်တာ ကိုဝေယံမင်းထက်က ပြောသည်။

 

လျှော်ဖြူပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး သက်တမ်းရင့်လာပါက တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းပိုမိုကောင်း မွန်ကာ ဆယ်နှစ်သက်တမ်းရှိ အပင်တစ်ပင်မှ တစ်နေ့လျှင်လျှော်ဖြူစေး သုံးကျပ်သားမှ ငါးကျပ်သားအထိ ထွက်ရှိကြောင်းသိရပြီး အပင်စိုက်ပျိုးသူအတွက် ရေရှည်အကျိုးဖြစ်ထွန်းကာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်း သိရသည်။

 

ထွန်းထွန်း(သာစည်)