ဖားကန့် ၈  ဇွန်

 

ဖားကန့်၌ ယနေ့ နံနက် ၅ နာရီခန့်က မိုးရွာသွန်းစဉ် မျောချောင်းပေါက်ကျမှုကြောင့် ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာ ဘုန်းကြီးကျောင်းနောက် ရေကန်အစပ်တွင် တရားမဝင် ခိုးကျင်းလုပ်ကွက်တစ်ခုမှ ဘက်ဟိုးနှစ်စီးနှင့် ဖိုးဝီးတစ်စီး မြေမြှုပ်ပြီး မြေစာပုံဈေးဆိုင်တန်းများလည်း ရွှံ့နွံ့များအတွင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မမုံစံပြကျေးရွာရာအိမ်မှူးရုံးမှ တာဝန်ရှိသူများက ဆိုင်းဂျာဘွမ်-မက်လင်ချောင် ဘက်မှ မိုးရွာစဉ် ရေအားများပြီး မျောချောင်းအတွင်း လှမ့်စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားပြီး လူများနစ်မြုပ်ပျောက်ဆုံးခြင်းရှိ/မရှိကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။

 

အဆိုပါ ဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာသူ ဦးခင်မောင်ထွေးက "ကျွန်တော်က ဒီမှာဈေးရောင်းတာ အောက်ဘက်ကဈေးတန်းတွေတော့ ဘာမှရလိုက်မှာမဟုတ်ဖူး၊ လူပါ မပါတော့မသိသေးဘူး၊ အဆောင်နှစ်ဆောင်ရှိတယ် လူကအများကြီးနေတာရှိတယ် သူတို့လဲ လွတ်လား မလွတ်လား မသိဘူး" ဟု ပြောသည်။

 

လက်ရှိတွင် အဆိုပါနေရာမှ ပြည်သူများအား  တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပစ္စည်းများပြောင်းရွှေ့ပေးခြင်း ပျောက်ဆုံးသူများ ရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

တာလင်းမောင်(ပြန်/ဆက်)