လွိုင်ကော် ၈  ဇွန်

 

ကယားပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးလက်ဒေသများရှိ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ကျေးရွာများအား လျှပ်စစ်ဓာတ်အား ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးကိစ္စ YOMA Micro Power Myanmar Limited မှ ရှင်းလင်းတင်ပြသည့် တွေ့ဆုံ ဆွေးနွေးပွဲအား ယနေ့ နံနက် (၁၀)နာရီတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် YOMA Micro Power Myanmar Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် ရှေးဦးစွာ YOMA Micro Power Myanmar Limited မှ တာဝန်ရှိသူများမှ ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်လိုသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ကုမ္ပဏီ၏ ရန်ပုံငွေနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေ သည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးများတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးလက်ဒေသများရှိ ဆက်သွယ်ရေးတာဝါတိုင်များနှင့် ကျေးရွာများအား လျှပ်စစ်ဓာတ်အား ထောက်ပံ့ခြင်း လုပ်ငန်းဆောင်ရွက်လိုသည့် အခြေအနေများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျားသည့် နေရာများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းသည့် နေရာများတွင်သာ လျှပ်စစ်ဓာတ်အား မရရှိသေးတာ ဖြစ်ကြောင်း၊ အဆိုပါနေရာများတွင်လည်း ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ရေး ဆိုလာများ ပေးအပ်ထားပါကြောင်း၊ ကုမ္ပဏီအနေနဲ့ ကွင်းဆင်းပြီး မိမိတို့ ဆောင်ရွက်လိုသည့် စီမံကိန်းနှင့် သင့်မသင့်၊ ကိုက်မကိုက် ချိန်ညှိဖို့လိုပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ထောက်ခံချက် ပေးရန်အတွက် ကုမ္ပဏီမှ အမှန်တကယ် ကွင်းဆင်း စစ်ဆေးဖို့ လိုအပ်ကြောင်း၊ မည်သည့် နေရာများတွင် လုပ်ချင်သည်၊ မည်သို့ လုပ်ဆောင်မည်၊ အမှန်တကယ် လုပ်ဆောင်နိုင်မည်လား ဆိုသည့်အနေအထားကို လျှပ်စစ်ဌာနမှလည်း ရှင်းလင်းတင်ပြဖို့ လိုကြောင်း၊ ကုမ္ပဏီမှ လုပ်ဆောင်ခဲ့သည့် တိုင်းဒေသကြီး များကဲ့သို့ ကွင်းပြင်များ ရှိမည်မဟုတ်ကြောင်း၊ ကယားပြည်နယ်တွင် တောင်ကုန်း၊ တောင်စောင်း များတွင် ရွာတည်ထားသည်များ ရှိကြောင်း၊ အဆင်ပြေမပြေကို Survey လုပ်ဆောင်ကြည့်ရန် တိုက်တွန်း လိုကြောင်း၊ Survey လုပ်ကြည့်ပြီး တကယ်လုပ်ချင်သည်ဆိုပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပြီး အတည်ပြုချက် ရရှိပါက အစိုးရအဖွဲ့ထံသို့ ထပ်မံလာရောက် တင်ပြပါက ခွင့်ပြုချက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ဇော်မင်းထွန်း (ပြည်နယ်ပြန်/ဆက်)

 

mdn