ညောင်ဦး ၈ ဇွန်
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မဏိစည်သူဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ ဇွန် ၇ ရက်နေ့က ဂါလန် ၁၅၀ဝ ဆံ့ စင်မြင့်ရေစင်တစ်ခု အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“ ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မဏိစည်သူဈေးကြီးကို မီးဘေးလုံခြုံ စေရေးအတွက် စင်မြင့် ရေစင်တည်ဆောက်နေခြင်းဖြစ်ပါတယ်။ ဆောက်လုပ်မည့် စင်မြင့်ရေစင် အမျိုးအစားက အမြင့် ၁၀ ပေရှိ ဂါလန် ၁၅၀ဝ ဆံ့ ဖိုက်ဘာ စင်မြင့်ရေစင် ဖြစ်ပါတယ်။ တည်ဆောက်မှု လုပ်ငန်းကိုတော့ ကျွန်တော်တို့ဌာနက အင်ဂျင်နီယာဝန်ထမ်းတွေ တာဝန်ယူပြီး ဆောက်လုပ်တာ ဖြစ်ပါတယ်။ မဏိစည်သူဈေးကြီးဟာ ကျွန်တော်တို့မြို့နယ်အတွက် အဓိက အားထား ဝယ်ယူတဲ့ ဈေးကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဈေးကြီးကို ယခင်က ကိုဗစ် - ၁၉ ရောဂါနဲ့ ပက်သက်ပြီး လူစုလူဝေး မဖြစ်စေရေးအတွက် ယာယီပိတ်ထားခဲ့ရပြီး ယခုလ ၆ ရက်နေ့ကစပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့်အညီ စနစ်တကျ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဈေးရောင်းသူများနဲ့ ဈေးဝယ်သူများကိုလည်း လိုက်နာရမည့် စည်းကမ်းချက် များကို အသိပေး ဆွေးနွေးပြီး ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းချက်များကို လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ယခု စင်မြင့်ရေစင် တည်ဆောက် ပြီးစီးသွားရင်တော့ ဈေးကြီးမီးဘေး လုံခြုံရေးအတွက် အမှန်တကယ် အကျိုးရှိစေမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး မဏိစည်သူဈေး တာဝန်ခံ ဦးအောင်ကျော်မြင့် က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


