၁။         ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card များစနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ကိုယ်ရေးအချက်အလက်များဖြင့်  မှတ်ပုံတင်ထားသော SIM Card မှန်/ မမှန်စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့် လည်းကောင်း၊ အရောင်းဆိုင်များတွင် လည်းကောင်း၊ သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင် ကြပါရန် (၂၃-ဝ၂-၂၀၂၀) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် လည်းကောင်း၊ Website များနှင့် လူမှုကွန်ရက် မီဒီယာများတွင် လည်းကောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

 

၂။         တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ Passport (နိုင်ငံခြားသားများ အတွက်) တစ်ခုခုဖြင့် (၂) ကတ်ထက်ပို၍မှတ်ပုံတင်ထားသော SIM Card များနှင့် အချက် အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေး ကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းခံရသည့် SIM Card များအား အပိုဒ် (၁) တွင် ဖော်ပြထားသည့် နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ကြပါရန်နှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ပိုင်း အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

 

၃။         သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် မိမိတို့၏ SIM Card များကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာန