မန္တလေး -ဇွန် ၈
ကိုဗစ်အလွန် မြန်မာ့စီးပွားရေးမြှင့်တင်ရေးနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အွန်လိုင်းဖိုရမ်ကို ယနေ့ မနက်ပိုင်းက zoom meeting ဖြင့် ပြုလုပ်ခဲ့သည်။
အဆိုပါ ဖိုရမ်တွင် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန် ဦးခင်စိန် ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး ၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်း ၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဗဟို ဦးစိန်ဝင်းအောင် ၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်းရေးအသင်း ဉက္ကဌ ဉီးပိုမြင့်တို့က ဆွေးနွေးပြေားကြားခဲ့ကြသည်။
‘ကိုဗစ်-၁၉ တိုက်ပွဲကိုအောင်မြင်ဖို့ တရုတ်နိုင်ငံက လုံးဝကိုရည်ရွယ်ချက်ရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲပူးပေါင်းပြီး တိုက်ဖျက်ဖို့လိုအပ်ပါတယ်။တရုတ်နိုင်ငံမှာ ကပ်ရောဂါ ခံစားရနေချိန် မြန်မာက ဆန်တန်ချိန် ၂၀ဝ လှူဒါန်းခဲ့ပြီး မြန်မာ့တပ်မတော်လေယာဉ်နဲ့ ကာကွယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးခဲ့ပါတယ်။ မြန်မာမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံကလည်း ကူညီမှုတွေပေးခဲ့ပါတယ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း ဓာတ်ခွဲခန်းတွေ အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာ သွားရောက်ပြီး အပြန်လှန်ဆွေးနွေးမှု သင်တန်းများ ပြုလုပ်ပေးခဲ့ပါတယ်’ ဟု မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန် ဦးခင်စိန်ကပြောသည်။
၂ဝ၂ဝ ပြည့် နှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု တည်ထောင်ခြင်း ၇ဝ ပြည့်နှစ်မြောက် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အထိမ်းအမှတ်ဂုဏ်ပြုရန် အစီအစဉ်များကို ကောင်းမွန်စွာ စီမံ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ ဖလှယ်မှုအစီအစဉ်ကို စီမံဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်း ထိတွေ့ ဆက်ဆံရေးစသော နယ်ပယ်များဆိုင်ရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့သို့ တိုးမြှင့်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နှစ်ဦး နှစ်ဖက်တို့သည် “ပေါက်ဖော်ချစ်ကြည်ရေး” ဆက်ဆံမှု ပိုမိုခိုင်မာ တိုးပွားလာအောင် အတူတကွ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကဏ္ဍစုံ မဟာ ဗျူဟာပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းလာအောင်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
မေသက်ထား


