မန္တလေး ၈ ဇွန်
မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး အသိပညာပေးဆိုင်ဘုတ်များ စိုက်ထူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ထွန်းဦးက ပြောကြားသည်။
အဆိုပါ အသိပညာပေးဆိုင်ဘုတ်များ၊ ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ စိုက်ထူဖြန့်ဝေခြင်းများကို ဇွန် ၇ ရက်နေ့က အမရပူရမြို့နယ် ပတ္တမြားကွက်သစ်ရပ်ကွက်တွင် စတင်ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မန္တလေးခရိုင် မြို့နယ် ခုနစ်မြို့နယ်၌ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်သည်။
''နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ထိန်းချုပ် ကုသရေး အမျိုးအသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကာလမှာ ငါးစားသုံးခြင်းက ကျန်းမာရေးအတွက် ကိုယ်ခံအားကို အထူးကောင်းမွန်စေကြောင်း လမ်းညွှန်ချက်အရ ငါးစားသုံးမှုကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ အခုလို အစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ''ဟု ၎င်းက ပြောသည်။
ငါးရိက္ခာသည် ငတ်မွတ်မှုနှင့် အဟာရဓာတ်ချို့တဲ့မှု တိုက်ဖျက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ငါးအဟာရဓာတ်သည် စားသုံးသူပြည်သူများအတွက် အသားဓာတ်အပြင် ကျန်းမာစေသော အဆီဓာတ်၊ အိုမီဂါ-၃၊ အဆီအက်စ်၊ အိုင်အိုဒင်း၊ ဗိုက်တာမင်- ဒီနှင့် ကယ်လ်စီယမ်များကိုလည်း ဖြည့်တင်းပေးနိုင်ကြောင်း အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် ပြည်သူများသည် မိမိတို့ အိမ်အတွင်း နေထိုင်ကြရသဖြင့် စားသုံးသော အစားအစာများမှ အာဟာရဓာတ် မျှတစွာ ရရှိရေး ဂရုပြုစားသောက်ကြရမည်ဖြစ်ပြီး ငါးစားသုံးပေးခြင်းဖြင့်လည်း ငါးတွင် ပါဝင်သော ဗိုက်တာမင်-ဒီမှ ရောဂါပိုးများ ခုခံကာကွယ်ရေးနှင့် ကိုယ်ခံစွမ်းအား ကောင်းမွန်ရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။
မန္တလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတတိုးပွားစေရေး၊ အင်းအိုင်များ တိမ်ကောပျောက်ကွယ်မှု မရှိစေရေး၊ ငါးသယံဇာတ ပျက်သုဉ်းမှု မရှိစေရေး၊ တိုင်းဒေသကြီးဦးစီးဌာနမှ ရသင့်ရထိုက်သော အခွန်အခများရရှိစေရေး၊ ရေလုပ်သားများ ဘဝမြင့်မားစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


