မန္တလေး ၈ ဇွန်
မန္တလေးမြို့ (၈၄) လမ်းရှိ ဈေးချိုညဈေးတန်းနှင့် လမ်း (၃၀)၊ (၈၄) လမ်းနှင့် (၈၅) လမ်းကြားရှိ ပျံကျပန်းဈေးတန်း နေရာများကို (၇၉) လမ်း၊ (၃၂) လမ်းနှင့် (၃၄) လမ်းကြားသို့ ပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါနေရာများသည် ယာဉ်ကြောကျပ်တည်းမှုနှင့်အတူ ဈေးချိုပိတ်ချိန်များနှင့်ပါ တိုက်ဆိုင်နေသည့်အတွက် နေရာကျယ်ကျယ်ဝန်းဝန်းဖြင့် ဈေးရောင်း ဈေးဝယ်များ ဝယ်ယူနိုင်ရန်အတွက် နေရာပြောင်းရွှေ့သတ်မှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆိုင်ခန်းအကွက်များ ရေးဆွဲခြင်း၊ မြေနေရာများ ပြုပြင်တိုးချဲ့ခြင်း၊ သန့်စင်ခန်းတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ထားပြီးဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


