ရန်ကုန်  ၈  ဇွန်

 

ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်းရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် အရှေ့ပိုင်းခရိုင်မှ သီလရှင်အပါး ၂၂၉၀ အား ဆွမ်းဆန်တော်နှင့် ဆီတို့ကို ယနေ့မွန်းလွဲ ၁ နာရီက လှူဒါန်းခဲ့သည်။

 

သီတဂူ ဆရာတော်ကြီး(အရှင်ဉာဏိဿရ)မှ စစ်ကိုင်းတောင်ရိုးရှိ သီလရှင်များ ကိုဗစ်-၁၉ ကာလတွင် (၂) လတာ ကျောင်းအတွင်း သီတင်းသုံးသည့်အတွက် ဆွမ်းဆန်စိမ်း အခက်အခဲမရှိစေရန် လှူဒါန်းမှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ သီလရှင်အပါး ၂၂၉၀ ကိုလည်း တစ်ပါးလျှင် ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (တစ်တင်း)၊ ဆီသန့်တစ်ပိသာ လှူဒါန်းခြင်းဖြစ်သည်။ ခရိုင်လေးခုတွင် သီတင်းသုံးလျှက်ရှိသော သီလရှင်များအားလုံးကို ဆွန်းဆန်စိမ်းနှင့် ဆီများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး အရှေ့ပိုင်းခရိုင်ရှိ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ(၆)မြို့နယ်မှ သီလရှင်များကို ယနေ့တွင် လှူဒါန်းခြင်းဖြစ်သည်။

  

“စစ်ကိုင်းတောင်က သီလရှင်တွေကို ဆန်နဲ့ဆီ လှူဒါန်းပြီးတဲ့အခါ ဆွမ်းဆန် အခက်အခဲရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးက သီလရှင်တွေကို ဆွမ်းဆန်နဲ့ဆီ လှူဒါန်းတာပါ။ တစ်တိုင်းလုံးက သီလရှင်၊ ဆရာလေးအားလုံးကို ဆက်ပြီးလှူဒါန်းသွားဖို့ ရှိပါတယ်။ ဆရာတော်ကြီးနဲ့အတူ ကျွန်တော်တို့ ကပ္ပိယ ဒါယိကာ (၄၅) ဦးနဲ့ ကုသိုလ်ယူသူအားလုံး သူ့တာဝန်နဲ့သူ အခုလို ကုသိုလ်ပါဝင်ခွင့်ရတာကို အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ရုံးအဖွဲ့မှူး ဦးကျော်ရှိန်က ပြောသည်။

 

ဇွန် ၁၁ ရက်နေ့တွင် အနောက်ပိုင်းခရိုင်ရှိ ဗဟန်းမြို့နယ်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်တို့မှ သီလရှင်များ၊ ဇွန် ၁၄ ရက်၌ မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ်ရှိ သီလရှင်များကို လည်းကောင်း၊ တောင်ပိုင်းခရိုင်ရှိ သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်ရှိ သီလရှင်များကို လည်းကောင်း ဇွန် ၁၆ ရက်နေ့ထိ လှူဒါန်းသွားမည်ဖြစ်ပြီး တစ်ဆက်တည်း လှူဒါန်းလိုသော်လည်း လှူဒါန်းမည့်ဆန်ကို မှာယူရာ၌ ဆန်စက်များတွင် ကြိုတင်မှာကြားရသည့်အတွက် ကနဦး လှူဒါန်ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းများကို  ဆက်လက် လှူဒါန်းသွားမည် ဖြစ်သည်။

 

 

mdn

 

“ဆရာတော်ကြီးက ရန်ကုန်တိုင်းက သီလရှင်တွေကို ဆွမ်းဆန်လှူမယ်ဆိုတာ သိလိုက်တော့ ဝမ်းသာပီတိဖြစ်ရတယ်။ လူစုလူဝေးကို ရှောင်ကြဉ်ဖို့ ဇွန် ၁၅ ရက်နေ့ထိ ကြေညာထားတာ ဆိုတော့ ဆရာလေးတွေ အနေနဲ့ ဆွမ်းဆန်အတွက် အခက်အခဲရှိနေတာလေ။ စာသင်တိုက်တွေအနေနဲ့ သီလရှင် ရာကျော်ရှိကြတယ်။ အခုလိုဆွမ်းဆန်စိမ်း ရတဲ့အတွက် စာသင်တိုက်တွေလည်း အဆင်ပြေပါပြီ။ ဆရာတော်ဘုရားလည်း ကျန်းမာပါစေလို့ မေတ္တာပို့သပါတယ်” ဟု ရန်ကုန်တိုင်း သီလရှင် အမှုဆောင်အဖွဲ့ အတွင်းရေမှူး သီလရှင် ဒေါ်အိန္ဒြာစာရီက မိန့်ကြားသည်။

  

ရန်ကုန်တိုင်း ဒေသကြီးတွင် သီလရှင်ကျောင်းပေါင်း (၁၀၁၀) ကျောင်း ရှိပြီး သီလရှင် (၁၉၀၀၀) ကျော်ရှိရာ ကိုဗစ်-၁၉ ကာလတွင် (၂) လကျော် ကျောင်းအတွင်း နေထိုင်ခဲ့ကြ၍ ဆွမ်းအတွက် အခက်အခဲ မရှိစေရန် သီလရှင်စာသင် တိုက်နှင့် သီလရှင် ကျောင်းများမှ သီလရှင် အပါး ၂၂၉၀ အတွက် ဆွမ်းဆန်တော်နှင့်ဆီကို ကနဦး ပေးလှူခြင်းဖြစ်ပြီး မှာယူထားသော ဆန်များရရှိပါက သီလရှင်ကျောင်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး