တောင်ကြီး  ၈  ဇွန်

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့အစည်း (၃)ဖွဲ့အား စားနပ်ရိက္ခာများကို ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (P.N.L.O) အဖွဲ့အတွက် ဆန်အိတ် (၃၀၀)နှင့်  ဆီပုံး (၃၀)အား ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း ထံသို့လည်းကောင်း၊ (PNO)အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့အတွက် ဆန်အိတ် (၃၀၀)နှင့် ဆီပုံး (၃၀)အား တွဲဖက်ကွပ်ကဲရေးမှူး(၁) ဦးခွန်သန်းအောင် ထံသို့လည်းကောင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့အတွက် ဆန်အိတ် (၃၀၀) နှင့် ဆီပုံး (၃၀)အား ယင်းအဖွဲ့၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးစိုင်းအွမ်ခေးနှင့် ဒေါ်နန်းစံဖောင်း တို့ထံ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ အဖွဲ့အစည်းကိုမဆို မခွဲခြားဘဲ အမှန်တကယ် စားဝတ်နေရေးခက်ခဲနေသည့် အခြေခံပြည်သူများထံသို့ လက်လှမ်းမီသ၍ စားနပ်ရိက္ခာများနှင့် အလှူငွေများ ကူညီထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်မှ မတည်လှူဒါန်းငွေကျပ် သိန်း ၁၀၀၀၀ နှင့် အများပြည်သူများ၏ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ဒေသများ၊ တိုက်ပွဲရှောင်စခန်းများ၊ သို့ စားနပ်ရိက္ခာများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများ စောင့်ကြည့်ရေး စခန်းများ၊ တိုက်နယ် ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆက်လက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်း (၃)ဖွဲ့အား တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)