ကျောက်ဆည်  ၈  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လယ်ဧက ၂၄၇၅၀ ဧကရေပေးဝေးနိုင်သည့် ဇီးတောမြောင်း အကြီးစားပြုပြင်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးမြတ်သူနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်ဝင်းက ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ရေပေးဝေမြောင်းပြုပြင်မှုများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကမ္ဘာ့ဘဏ်ချေးငွေ (DASP) စီမံကိန်းအောက်မှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၄၅၉ ဒသမ ၀၁၆ သန်းဖြင့် တူးမြောင်းမြေကြီးလုပ်ငန်း ၃၇၁၀၁ ကျင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ၁၉၀၄၁ ကျင်း၊ တူးမြောင်းအလျောကျောက်ကြီး ဘိုင်နင်စီခြင်းလုပ်ငန်း ၅၀၀၀ ပေ၊ ကျောက်စီ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ၃၁၀၄ ပေ၊ တူးမြောင်းအဆောက်အဦ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၅၂ ခုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ ပြီးစီးပါက စိုက်ပျိုးရေများကို ရေလှည့်စနစ်ဖြင့် ကောင်းစွာပေးဝေနိုင်မည်ဖြစ်သဖြင့် နွေးစပါး၊ မိုးစပါးများကို လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ပြီး အခြားသီးနှံများလည်း တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ခရိုင်၊ပြန်/ဆက်)