နေပြည်တော် ၈ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံ့တာဝန်ကို စတင်လွှဲပြောင်း ရယူခဲ့ပြီး ကဏ္ဍအသီးသီးတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း။
တစ်ချိန်တည်းတွင် မိမိတို့အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြရမည်ဟူသော ခံယူချက်ဖြင့် ပြည်သူ့အတွက် ပထမရက် (၁၀၀)၊ ပြည်သူ့အတွက် ပထမ (၁) နှစ်တာ၊ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာ၊ ပြည်သူ့အတွက် တတိယ (၁) နှစ်တာ စသည့် ကြိုးပမ်းဆောင်ရွက် မှုများကို မီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ချပြခဲ့ပြီးဖြစ်ကြောင်း။
ပြီးခဲ့သည့် မတ်လကုန်တွင် ကျရောက်ခဲ့သည့် စတုတ္ထ (၁) နှစ်တာကာလအတွင်း ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံပိုင်မီဒီယာများတွင် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ သတင်းစာရှင်းလင်းပွဲကို ယနေ့မှစတင် ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်သူ့အတွက် ကြိုးပမ်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲကို တစ်ရက်လျှင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၃) ခုစီ တက်ရောက် ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး စုစုပေါင်း (၉)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ကို နိုင်ငံတော်က ချမှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တက်ရောက်လာသူများက အဆိုပါ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို ယခင်နှစ်များနည်းတူ ပုံနှိပ်ပြီး မှတ်တမ်းစာအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး တိကျမှန်ကန် သည့် သတင်းအချက်အလက်များကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသမားများ၏ အခန်းကဏ္ဍသည် အရေးအကြီးဆုံးဖြစ်၍ မီဒီယာကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အားလုံးပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက် သွားကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာ လအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် နိုင်ငံ၏ အမြင့်ဆုံးသော စာရင်းနှင့် လုပ်ငန်းစစ်ဆေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ အပ်နှင်းထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာ၌ စစ်ဆေးရေးလုပ်ငန်းများ စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးနှင့် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အသုံးပြုသော ခေတ်မီစစ်ဆေးရေး နည်းပညာများဖြင့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်နိုင်ရေးတို့အတွက် ရုံး၏ ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း၊ လက်ရှိစစ်ဆေးရသော အစိုးရဌာန အဖွဲ့အစည်း အရေအတွက်အနေဖြင့် ရုံးချုပ်အဆင့်တွင် ၁၉၀ ၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးအဆင့်တွင် ၂၂၅၆ ခု၊ ခရိုင် အဆင့်တွင် ၃၀၁၀ နှင့် မြို့နယ်အဆင့်တွင် ၁၀၁၃၆ ခုရှိပါကြောင်း။
စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဉပဒေ ပုဒ်မ ၁၁ (ဏ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ အထိ (၆) လတာ ကာလအတွက် နိုင်ငံတော်၏ အရအသုံး စာရင်းများစစ်ဆေးခြင်းဆိုင်ရာ အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြ ခဲ့ပါကြောင်း။
ပြည်ထောင်စုစာရင်းစစ်ချုပ်ဉပဒေ ပုဒ်မ ၁၁ (ဏ) နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေ ပုဒ်မ ၁၀ တို့အရ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများကို သက်ဆိုင်ရာ စာရင်းစစ်ရုံးများသို့ တာဝန် ပေးစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များစုစည်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း။
ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံသို့ ပြည်ပ နိုင်ငံ/အဖွဲ့အစည်းများမှ ချေးငွေ/ထောက်ပံ့ငွေများ ကူညီပံ့ပိုးမှုဖြင့် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် နေသည့် စီမံကိန်းလုပ်ငန်းများ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးချဲ့ဆောင်ရွက်နေသည့်အပြင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ချေးငွေ/ထောက်ပံ့များဖြင့်ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဌာနများ၏ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ စစ်ဆေးပေးရပါကြောင်း၊ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း Project ၄၇ ခုကို ပြည်ထောင်စုစာရင်း စစ်ချုပ်ဉပဒေ ပုဒ်မ ၁၁ (ည)နှင့်အညီ စစ်ဆေးပြီး အစီရင်ခံစာထုတ်ပြန်ပေးခဲ့ပါကြောင်း။
စတုတ္ထ (၁) နှစ်တာကာလအတွင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံ၏ ပဉ္စမအကြိမ် EITI အစီရင်ခံစာ၊ တတိယနှင့် စတုတ္ထအကြိမ် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန် ၂၀၁၆ - ၂၀၁၇ ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဦးစီးဌာန/လုပ်ငန်း ၁၀ ခု၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ ဉီးစီးဌာန/ လုပ်ငန်း (၂)ခု၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခု၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ ဌာန (၁) ခု တို့မှ ဖြည့်စွက်ပေးပို့လာသော EITI Template များကို ထပ်မံ စစ်ဆေးမှုပြုလုပ်ပေးခဲ့ပါကြောင်း။
ထို့ပြင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ငွေ၊ ပစ္စည်းနှင့် ရရန်ရှိ သည်များ ဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ စာရင်းမှ ပယ်ဖျက်ရန်ကိစ္စများ အပါအဝင် ငွေကြေး၊ လုပ်ငန်းဆောင်ရွက်မှုများ၊ စာရင်းထားသိုမှုများနှင့်စပ်လျဉ်း၍ စတုတ္ထ (၁) နှစ်တာ ကာလ အတွင်း သဘောထားမှတ်ချက် စောင်ရေ ၂၅၇ စောင် ပြန်ကြားပေးနိုင်ခဲ့ရာ ယခင်ကာလထက် အရေအတွက် ပိုများပါကြောင်း။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းစတင် ဖြစ်ပွားပေါ်ပေါက်လာသည့် Coronavirus Disease 2019 (COVID-19) ဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံလူတန်းစား များအတွက် အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေးဝေမှု နှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေ သုံးစွဲမှုများအပေါ် စာရင်းစစ်ဆေးပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ညှိနှိုင်းအကြောင်းကြားလာပါက စစ်ဆေးပေးရန် ဒေသစာရင်းစစ်ရုံးများကို အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ ယခု နေပြည်တော်ကောင်စီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံမှ ညှိနှိုင်းစာရရှိပြီးဖြစ်သဖြင့် နေပြည်တော်စာရင်းစစ်ရုံးနှင့် သက်ဆိုင်ရာဒေသစာရင်းစစ်ရုံးများမှ စစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မှုနှင့် စီမံခန့်ခွဲရာတွင် ပိုမိုခိုင်မာအားကောင်းလာစေရန်အတွက် ၂၀၁၉ - ၂၀၂၁ ခုနှစ်အတွက် လူ့စွမ်းအားအရင်းအမြစ်အစီအစဉ် (Human Resource Plan)ကို ရေးဆွဲနိုင်ခဲ့ပြီး Human Resource Policy, Human Resource Strategy နှင့် Competency Framework တို့ကို ရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခု Human Resource Policy (မူကြမ်း)ကို ပြုစုပြီး ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ စာရင်းနှင့် စာရင်းစစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့်စာရင်း ကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းများကို နေပြည်တော်သင်တန်းကျောင်း၌ ဖွင့်လှစ် ပေးလျက်ရှိပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများတွင် ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
မြန်မာနိုင်ငံ စာရင်းကောင်စီအနေဖြင့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်း ပထမ ပိုင်းနှင့် ဒုတိယပိုင်း သင်တန်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရန်ကုန်သင်တန်း ကျောင်းတွင် ဖွင့်လှစ်လျက်ရှိပြီး နေပြည်တော်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံ စာရင်း ကောင်စီမှ ကြီးကြပ်သော ဒီပလိုမာစာရင်းကိုင် ပထမပိုင်းနှင့် ဒုတိယပိုင်း သင်တန်းများကို ရန်ကုန်သင်တန်းကျောင်းနှင့် တစ်ပြိုင်တည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အရှေ့တောင်အာရှ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၊ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့ (ASOSAI)၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI)၊ နော်ဝေနိုင်ငံစာရင်း စစ်ချုပ်ရုံး၊ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) နှင့် ဉရောပသမဂ္ဂ (European Union) အစရှိသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် အညီ မိမိတို့၏ စစ်ဆေးရေးလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ဆောင်ရွက်ရာတွင် စစ်ဆေးရေးစံများနှင့်အညီ ဘက်လိုက်မှုကင်းရှင်းစွာဖြင့် စစ်ဆေး အစီရင်ခံတင်ပြဆောင်ရွက်လျက် ရှိပါကြောင်း။
ယင်းသို့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ/မရှိ၊ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ /မရှိ စစ်ဆေးပြီး အစီရင်ခံတင်ပြခြင်းဖြင့် ပိုမိုအားကောင်းခိုင်မာသည့် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု စနစ်တစ်ရပ် ပေါ်ထွန်းလာပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပိုမိုထိရောက်အကျိုးရှိစွာ ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆက်စပ် သည့် စီးပွားရေး လုပ်ငန်းများကို စစ်ဆေးမှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ထူးခြားသည့် စိစစ်တွေ့ရှိမှုများ ရှိ/မရှိ၊ ပုဂ္ဂလိကအဖွဲ့အစည်းများကို စစ်ဆေးပါက ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများအညီ ဆောင်ရွက်ရန် ညွှန်ကြားထားမှု တို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ အမြဲတမ်း အတွင်းဝန် ဒေါ်နိုင်သက်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေတွင် နှစ်ပိုင်းရှိပါကြောင်း၊ တစ်ပိုင်းမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်ဖြစ်ပြီး ၎င်း၏ ပုဒ်မ(၁၁)၊ (ဗ)တွင် နိုင်ငံပိုင် ရေ၊ မြေ၊ လေ၊ သယံဇာတကို အသုံးပြု၍ အကျိုးခံစားခွင့်ပြုသည့် စာချုပ်ပုံစံအမျိုးမျိုး၊ နည်း စနစ်အမျိုးမျိုး၊ အစိုးရနှင့် ဆက်စပ်သည့် ဖက်စပ်လုပ်ငန်းများနှင့် ပတ်သက်သည့်ကိစ္စများကို လိုအပ်ပါက စစ်ဆေးရမည်ဟု ပါရှိပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ပိုင်ခွင့်တွင်လည်း အလားတူ သဘောတရားကို ဖော်ပြထားပါကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် ပုဂ္ဂလိကနှင့် စီးပွားရေးဆန်သည့်လုပ်ငန်းများ ဖက်စပ် လုပ်ဆောင်ပါက စစ်ဆေးပိုင်ခွင့်ရှိပါကြောင်း၊ ထိုသို့ စစ်ဆေးရသည့် စာရင်းစစ်အနေဖြင့် ဖက်စပ်လုပ်ငန်းကို စစ်ဆေးသော စာရင်းစစ်ဖြစ်သည့် အတွက် ပုဂ္ဂလိကစာရင်းစစ် တစ်နည်းအားဖြင့် အများပြည်သူဝန်ဆောင်မှုပေးသည့် စာရင်းစစ် ကို ငှားရမ်း၍ စစ်ဆေးရပါကြောင်း၊ ယင်းစာရင်းစစ်ကို ခန့်အပ်ပိုင်ခွင့်မှာ ပြည်ထောင်စုစာရင်း စစ်ချုပ်တွင်ရှိပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သဘောတူညီမှသာ ဖက်စပ် စာရင်းစစ်ကို ခန့်အပ်ခွင့်ရှိပါကြောင်း၊ ၎င်းတို့၏ အစီရင်ခံစာကို ပြန်လည်စစ်ဆေးပါကြောင်း၊ ပုဂ္ဂလိကစာရင်းစစ်အနေဖြင့် အစီရင်ခံစာကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ ပေးပို့ပါ ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် အစိုးရပိုင်ဆိုင်သည့် အရင်းအမြစ်ကို အသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလေအလွင့်အဆုံးအရှုံး မဖြစ်အောင် စစ်ဆေးရေးဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန် ထားပါကြောင်း၊ ၎င်းညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက အသိပေးအကြောင်းကြားခြင်း များဆောင်ရွက်ပါကြောင်း၊ ဖက်စပ်လုပ်ခြင်းသည် အကျိုးအမြတ်ခံစားလို၍ဖြစ်ပြီး နှောင့်နှေး သည့် အပိုင်းများရှိပါကြောင်း၊ ရရှိသည့်အကျိုးအမြတ်၏ သင့်တင့်လျောက်ပတ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိသည့်နှုန်းတို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ထောက်ပြ ဝေဖန်သုံးသပ်ပေးပါကြောင်း၊ အလားတူ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးသို့တင်ပြလာသည့် စာရင်းစစ်အစီရင်ခံစာတွင် ယင်းကိစ္စများကို ဖော်ပြရေးသားထား ပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်း စစ်ချုပ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ရရှိမှု၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို စစ်ဆေးဆောင်ရွက် မှု၊ လုပ်ငန်းအကောင်အထည်ဖော်ရန် နှောင့်နှေးနေသည့် နိုင်ငံခြားချေးငွေများမှ နိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်လာနိုင်မှု အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော် ကိုယ်စားလှယ်များထံ စာရင်းစစ်ချုပ် အစီရင်ခံစာရောက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို စစ်ဆေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ထူးခြားသည့် စိစစ်တွေ့ရှိမှုများ ရှိ/မရှိ၊ ဝန်ကြီးဌာနများအနေဖြင့် ဌာနပိုင် မြေ ငှားရမ်းခများ နှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စိစစ်တွေ့ရှိချက်များနှင့် အကြံပြုချက်များ ရှိ/မရှိနှင့် စာရင်းစစ်ချုပ် အစီရင်ခံစာကို အများပြည်သူသိရှိအောင် Public Report အဖြစ် ဆောင်ရွက်ရန် ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ က မေးမြန်းကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ဝန်ကြီး ဌာနအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ - ၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့် သုံးစွဲနိုင်အောင် မျှော်မှန်းစီမံ ဆောင်ရွက်လျက် ရှိပါကြောင်း။
လျှပ်စစ်ကဏ္ဍဆိုင်ရာ တိုးတက်ဆောင်ရွက်နေမှုများအနေဖြင့် ၂၀၁၉ - ၂၀၂၀ တွင် လျှပ်စစ်စွမ်းအင် အရင်းအမြစ် ပါဝင်မှု အချိုးအစားများနှင့် ဓာတ်အားသုံးစွဲမှုများသည် စုစု ပေါင်း တပ်ဆင်အင်အား ၆၀၃၄ မဂ္ဂါဝပ် ရှိပါကြောင်း၊ ရေအားလျှပ်စစ်ဖြင့် ၃၂၆၂ မဂ္ဂါဝပ် (၅၄ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့ဖြင့် ၂၄၉၆ မဂ္ဂါဝပ်(၄၁ ရာခိုင်နှုန်း)၊ ကျောက်မီးသွေးဖြင့် မဂ္ဂါဝပ် ၁၂၀ (၂ ရာခိုင်နှုန်း)၊ ဒီဇယ်ဖြင့် ၁၁၆ မဂ္ဂါဝပ် (၂ ရာခိုင်နှုန်း) နှင့် နေရောင်ခြည်ဖြင့် မဂ္ဂါဝပ် ၄၀ (၁ ရာခိုင်နှုန်း) ရှိပါကြောင်း။
လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နေမှုအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့် နှစ် ဧပြီလအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၃)ရုံမှ ၄၅ ဒသမ ၆ မဂ္ဂါဝပ်၊ အပူ စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၈)ရုံမှ ၉၂၇ မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံ (၁)ရုံမှ မဂ္ဂါဝပ် ၄၀ စုစုပေါင်း ဓာတ်အားပေးစက်ရုံ (၁၂)ရုံမှ ၁၀၁၂ ဒသမ ၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဧပြီလ အထိ ယူနစ်သန်းပေါင်း ၈၀၃၄၅ ဒသမ ၆၄၅ ယူနစ်ကို ရောင်းချနိုင်ခဲ့ပါကြောင်း။
လျှပ်စစ်ဓာတ်အား တိုးတက်ပို့လွှတ်နိုင်မှုအနေဖြင့် ဓာတ်အားစနစ်အတွင်း လက်ရှိ တည်ဆောက်ပြီး မဟာဓာတ်အားလိုင်း (၄၁၈) လိုင်း ၉၅၂၁ မိုင်နှင့် ဓာတ်အားခွဲရုံ (၄၂၄) ရုံ ၁၅၈၄၈ အမ်ဗွီအေရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ (၄) နှစ်တာ ကာလအတွင်း တည်ဆောက်ပြီးစီးမှုအနေဖြင့် လိုင်း ၂၅၄၁၄ မိုင်နှင့် ခွဲရုံ ၁၇၇၇၃ ဒသမ ၂ အမ်ဗွီအေ ရှိပါကြောင်း။
လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်မှုအနေဖြင့် ဓာတ်အားစနစ်နှင့် အခြားနည်း လမ်းဖြင့် မြို့များတွင် ဓာတ်အားရရှိမှုသည် ၂၀၁၆ ခုနှစ် မတ်လတွင် မြို့ပေါင်း ၄၄၈ မြို့ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် မြို့ပေါင်း ၄၈၉ မြို့အထိရှိလာပါကြောင်း၊ ဓာတ်အားစနစ်နှင့် အခြား နည်းလမ်းဖြင့် ရွာများဓာတ်အားရရှိမှုသည် ၂၀၁၆ ခုနှစ် မတ်လတွင် ကျေးရွာပေါင်း ၃၀၃၈၃ ရွာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကျေးရွာပေါင်း ၃၆၂၂၀ အထိ တိုးတက်လာပါကြောင်း၊ ဓာတ်အားစနစ်နှင့် အခြားနည်းလမ်းဖြင့် အိမ်ထောင်စုများ ဓာတ်အားရရှိမှုအနေဖြင့် ၂၀၁၆ ခုနှစ် မတ်လတွင် အိမ်ထောင်စု ၃၆၇၅၇၄၂ စု၊ ၃၄ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် အိမ်ထောင်စု ၅၈၀၄၈၆၉ စု၊ ၅၃ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်ဓာတ်အားပေးနိုင်ခဲ့ပါကြောင်း၊ ယခင်ဓာတ်အားစနစ် မရောက်ရှိခဲ့သော မြို့ ၇၆ မြို့နှင့် ကျေးရွာ ၈၃၅၈ ရွာကို ဓာတ်အား စနစ်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ဝေးလံခေါင်ဖျားဒေသများသို့ ဓာတ်အားစနစ်ရောက်ရှိအောင် ဆောင်ရွက်ပေးရာတွင် (၄) နှစ်တာကာလအတွင်း ကချင်ပြည်နယ် ပူတာအိုမြို့အနီးရှိ အထက်နမ့်ထွမ် ရေအား လျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိပြီး ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက် (၁၁)ခု၊ ကျေးရွာ (၂၆)ရွာနှင့် မချမ်းဘောမြို့ပေါ် ရပ်ကွက် (၄)ခုနှင့် ကျေးရွာ(၈)ရွာ တို့မှ စုစုပေါင်းအိမ်ထောင်စု ၅၁၃၄ စုသို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ် တွင် မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များရှိ မြို့ပေါ်ရပ်ကွက်(၇)ခုနှင့် ကျေးရွာ (၂၀)မှ အိမ်ထောင်စု ၁၃၄၃၄ စုနှင့် ရခိုင်ပြည်နယ်တွင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့များရှိ မြို့ပေါ်ရပ်ကွက် (၁၇)ခုနှင့် ကျေးရွာပေါင်း (၇၃) ရွာမှ အိမ်ထောင်စုပေါင်း ၁၃၈၂၉ စုသို့ ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။
Renewable Energy ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း မဂ္ဂါဝပ် ၁၇၀ ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် မဂ္ဂါဝပ် ၄၀ အား ၂၀၁၉ ခုနှစ် ဇွန်လတွင် တည် ဆောက်ပြီးစီး၍ ဓာတ်အားစတင်ထုတ်လုပ်ပို့လွှတ်ပြီးဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ် မာန်အောင်မြို့သည် ကျွန်းမြို့တစ်ခုဖြစ်ပြီး ပင်လယ်ပြင်အား ဖြတ်သန်း သွားလာရသဖြင့် ဓာတ်အားစနစ်မှ ဓာတ်အားလိုင်းများ သွယ်တန်းလျှင် ငွေကုန်ကြေးကျ များပြားသောကြောင့် ဆိုလာ၊ ဒီဇယ်နှင့် ဘက်ထရီ စွမ်းအင်သိုလှောင်မှုစနစ် (ESS - Energy Storage System) ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
လမ်းမီးများရရှိအောင် ဆောင်ရွက်ပေးနိုင်မှုအနေဖြင့် ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ခဲ့သော လမ်းမီးများကို YESC မှ လွှဲပြောင်း ရယူ၍ ပြင်ဆင်လဲလှယ်ခဲ့ရာ ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ၂၇၆ ဒသမ ၁ မိုင်နှင့် လမ်းမီး ၁၄၆၇၁ လုံးကို ငွေကျပ် ၆ ဒသမ ၇၇၁ ဘီလီယံ အကုန်အကျခံ၍ တည်ဆောက်ပေး ခဲ့ပါကြောင်း၊ ယခင်က မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ခဲ့သော ကျုံးဘေးတစ်လျှောက်ရှိ လမ်းမီးများကို ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ငွေကျပ် ၂၄၁ ဒသမ ၁၆၆ သန်း အကုန်အကျခံ၍ MESC မှ ပြင်ဆင် လဲလှယ်ပေးခဲ့ပါကြောင်း။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ လျှပ်စစ်ဓာတ်အားရောင်းချနိုင်မှုအနေဖြင့် ယူနစ် သန်း ၁၅၃၅၅ သန်းရှိပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ယူနစ်သန်း ၁၇၁၁၅ သန်းနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ယူနစ်သန်း ၁၉၂၉၄ သန်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ယူနစ်သန်း ၁၁၁၀၈ သန်းဖြစ်၍ ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ဒီဇိုင်းအရ ထွက်ရှိနိုင်သည့် ပမာဏထက် ပိုမိုထုတ်လုပ်နိုင်ရန် နေ့စဉ် စီမံခန့်ခွဲကြိုးပမ်းခဲ့၍ ရလဒ်ကောင်းများရရှိခဲ့ပါကြောင်း။
စွမ်းအင်ကဏ္ဍဆိုင်ရာ တိုးတက်ဆောင်ရွက်နိုင်မှု အနေဖြင့် ၄ နှစ်တာကာလအတွင်း ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေတို့ကို ထုတ် ပြန်နိုင်ခဲ့ပြီး ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းနှင့် အသေးစားရေနံချက်လုပ်ခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်း အရည်အသွေး စမ်းသပ်ခြင်းနှင့် ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် လိုင်စင်ဆိုင်ရာ အမိန့်ကြေငြာစာများ ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းအနေဖြင့် ကုန်းတွင်းပိုင်း လုပ်ကွက် ၅၃ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၅၁ ကွက် စုစုပေါင်း ၁၀၄ ကွက်ရှိပြီး PSC စာချုပ်ဖြင့် လုပ်ကိုင်သော ကုန်းတွင်းပိုင်းလုပ်ကွက် ၂၂ ကွက် နှင့် ကမ်းလွန်လုပ်ကွက် ၃၁ ကွက်၊ IPR ဖြင့် လုပ်ကိုင်သော ကုန်းတွင်းပိုင်း လုပ်ကွက် ၂ ကွက် နှင့် PCC စာချုပ်ဖြင့်လုပ်ကိုင်သော ကုန်းတွင်းပိုင်း လုပ်ကွက် ၁ ကွက်တို့ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကမ်းလွန်စီမံကိန်းများအနေဖြင့် ရတနာ (M5 & M6) စီမံကိန်းကို Total E&P Myanmar (ပြင်သစ်) ကုမ္ပဏီမှ ၁၉၉၈ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၉၀ ထုတ်လုပ်လျက်ရှိပါကြောင်း၊ ရဲတံခွန်စီမံကိန်း (M12, M13 & M14) ကို Petronas Carigali Myanmar (မလေးရှား)ကုမ္ပဏီက ၂၀၀၀ ပြည့်နှစ်တွင် စတင်လုပ်ကိုင် ခဲ့ပြီး သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀ နှင့် လေဆီ ၁၀၂၀ ဆီ ထုတ်လုပ်လျက်ရှိပါ ကြောင်း၊ ရွှေစီမံကိန်း (A1 & A3) ကို Posco Daewoo Cooperation (တောင်ကိုရီးယား) ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၄၅ သန်း ထုတ်လုပ်လျက်ရှိပါကြောင်း၊ ဇောတိကစီမံကိန်း(M9)ကို PTTEP (ထိုင်း)ကုမ္ပဏီက ၂၀၁၄ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၄၅ သန်း ထုတ်လုပ်လျက်ရှိပါကြောင်း။
၄ နှစ်တာကာလအတွင်း နှစ်အလိုက် ရေနံစိမ်းထုတ်လုပ်နိုင်မှုအနေဖြင့် ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် အမေရိကန်စည်ပေါင်း ၄၂၉၇၃၇၇ စည်၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် အမေရိကန် စည်ပေါင်း ၃၉၆၆၆၈ စည်၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် အမေရိကန်စည်ပေါင်း ၃၃၅၆၇၉၅ စည် နှင့် ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် အမေရိကန်စည်ပေါင်း ၃၁၆၈၇၅၁ စည် ထုတ်လုပ်နိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် ကုဗပေသန်း ၆၇၀၀၀၈ သန်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ကုဗပေသန်း ၆၆၇၅၈၃ သန်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ကုဗပေ သန်း ၆၂၇၀၀၇ သန်းနှင့် ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် ကုဗပေသန်း ၆၇၀၃၆၂ သန်းထုတ်လုပ်နိုင်ခဲ့ပါကြောင်း။
ကုန်းတွင်းနှင့် ကမ်းလွန်ပိုင်းတို့မှ ထွက်ရှိလာသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို သယ်ယူပို့ဆောင်ရာတွင် ပိုက်လိုင်းကွန်ယက်များ အသုံးပြုလျက်ရှိပြီး နှစ်စဉ် အသစ်တည် ဆောက်ခြင်းနှင့် အစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၄)နှစ်တာ ကာလ အတွင်း ၄ လက်မပိုက်လိုင်း၊ ၆ လက်မပိုက်လိုင်း၊ ၁၀ လက်မပိုက်လိုင်း၊ ၁၂ လက်မပိုက်လိုင်း၊ ၁၄ လက်မပိုက်လိုင်းနှင့် ၂၀ လက်မပိုက်လိုင်းတို့အား အသစ်တည် ဆောက်ခြင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
ရေနံနှင့် ရေနံထွက်ပစ္စည်းချက်လုပ်မှုအနေဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) ၃၃ ဒသမ ၃၂၃ တန်၊ ဓာတ်ဆီထုတ်လုပ်မှု ၁၀၄၇၆၁ ဒသမ ၁၆၉ ဂါလန်၊ ဒီဇယ်ဆီထုတ်လုပ်မှု ၁၀၄၁၅၈ ဒသမ ၅၁၅ ဂါလန်၊ စီဂျီအို ထုတ်လုပ်မှု ၅၀၅၅၅ ဒသမ ၂၀၉ ဂါလန်၊ ဂျက် လေယာဉ်ဆီ ထုတ်လုပ်မှု ၁၃၅၀၃ ဒသမ ၂၁၅ ဂါလန်နှင့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု ၄၃၄ ဒသမ ၂၄၁ တန် ရှိပါကြောင်း။
ကဏ္ဍအလိုက် သဘာဝဓာတ်ငွေ့သုံးစွဲမှုအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ CNG ထုတ်လုပ်ရေးအတွက် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာထုတ်လုပ်ရေးအတွက် ၄ ရာခိုင်နှုန်း၊ ရေနံဓာတ်ငွေ့ရည် (LPG) အတွက် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ စက်ရုံအလုပ်ရုံများအတွက် ၀ ဒသမ ၆ ရာခိုင်နှုန်း ၊ ရေနံချက်ဖိုလုပ်ငန်း အတွက် ၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် အခြားလုပ်ငန်းများအတွက် ၃ ဒသမ ၄ ရာခိုင်နှုန်း သုံးစွဲ လျက်ရှိပါကြောင်း။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ရောင်းချပေးမှုအနေဖြင့် မြန်မာ တစ် နိုင်ငံလုံးတွင် ယနေ့အထိ စုစုပေါင်းမော်တော်ယာဉ်စီးရေ ၂၆၉၇၀ ကို သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အဖြစ် ပြောင်းလဲတပ်ဆင် ပေးနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဆိုင်၊ မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့တွင် ၂ ဆိုင် နှင့် ချောက်မြို့တွင် ၁ ဆိုင် စုစုပေါင်း ၄၆ ဆိုင် ဖွင့်လှစ်၍ ၂၄ နာရီ ပိတ်ရက်မရှိ ရောင်းချပေး လျက်ရှိပါကြောင်း၊ CNG သုံး ခရီးသည်တင်မော်တော်ယာဉ်များ အတွက် အသုံးပြုနိုင်ရန် ရေနံ မြေများမှ ထွက်ရှိသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့် နေ့စဉ်ကုဗပေ ၂၃ သန်းကျော် ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း။
ပုဂ္ဂလိကသို့ ရေနံဓာတ်ငွေ့ရည်(LPG) လုပ်ငန်းလိုင်စင် ခွင့်ပြုထုတ်ပေးထားရှိမှု အနေဖြင့် လိုင်စင်အမျိုးအစား (က)မှ (ဆ)အထိ လုပ်ငန်းအမျိုးအစားအလိုက် အဆင့်ခွဲခြား သတ်မှတ်ထားပါကြောင်း၊ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် စိစစ်ခွင့်ပြုထုတ် ပေးမှုအနေ ဖြင့် အရောင်းဆိုင် ၂၇၄၈ ဆိုင်၊ စက်သုံးဆီသိုလှောင်ကန်စခန်း ၁၄ ခု၊ ရေယာဉ်များ ၂၇ စီးနှင့် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ၁၃ ခု ထုတ်ပေးခဲ့ပါကြောင်း၊ ရေနံချက်လုပ်ခြင်း လုပ်ငန်း လိုင်စင်များကို ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ လုပ်ငန်းရှင် ၁၇၀ နှင့် ရေနံချက်ဖို ၅၂၁ ဖိုကို လုပ်ကိုင်ဆောင်ခွင့်ပြုခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာများက ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း အနေ ဖြင့် ဧရာဝတီဘဏ် နှင့်ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် မီတာခ ကောက်ခံသည့်စနစ် ဆောင်ရွက်မှုနှင့် ယင်းစနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်ရန် ရှိ/မရှိ မေးမြန်းရာ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင် ကျော်ဦးက ဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင်ရာတွင် ဘဏ်များသို့ လျှပ်စစ်မီးသုံးစွဲသူများ ၏ အချက်အလက်များကို လစဉ် ၁၁ ရက်နေ့တွင် ဘဏ်များသို့ပေးပို့ပြီး ဘဏ်များက ၎င်းတို့၏ အချက်အလက်များကို ဘဏ်ရှိ Data Base တွင် ထည့်သွင်းကာ လျှပ်စစ်မီးသုံးစွဲသူများ အနေ ဖြင့် မီတာခ ပေးဆောင်လိုလျင် ၎င်းတို့၏ မိုလ်ဘိုင်းဖုန်းရှိ Application မှတစ်ဆင့် မီတာခ ပေးဆောင်လိုကြောင်း လျှောက်ထားရန်လိုအပ်ပါကြောင်း၊ ထိုသို့ ပေးဆောင်ရာ၌ နောက်ကျ ကြေးကို ဘဏ်များထံတွင် ပေးဆောင်၍ မရပါကြောင်း၊ ရက်ကျော်လွန်ပါက သက် ဆိုင်ရာ လျှပ်စစ်မီးသုံးစွဲသူများက မြို့နယ်လျှပ်စစ်ရုံးများတွင် လာရောက် ပေးဆောင်ရပါကြောင်း၊ သို့သော် နိုင်ငံတော်မှ မီတာခ ပေးသွင်းရက်ကို နောက်ဆုတ်ပေးထားသဖြင့် ရက် ကျော်လွန် သူများ မရှိပါကြောင်း၊ ထို့ကြောင့် ဘဏ်များတွင် ရက်ကျော်ကြေးများ ပေးဆောင်၍ မရပါ ကြောင်း၊ ဘဏ်များအနေဖြင့် သတ်မှတ်ထားသည့် ရက်များအတွင်း မီတာခကို ပေးဆောင် နိုင်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက လက်ခံ၍မရပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Liquefied Natural Gas to Power စီမံကိန်းများ အပါအဝင် လျှပ်စစ် ဓာတ်အားစုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုတွင် လုပ်ဆောင် သွားမည့် နည်းပညာစနစ်များ၊ စည်းမျည်းစည်းကမ်းများ၊ LNG to Power စီမံကိန်းများအတွက် LNG တင်ဆောင်လာသည့် သင်္ဘော ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေမှု၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ်တွင် ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် ဆိုလာ စသည်တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ရာခိုင်နှုန်းနှင့် ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုကို လျှော့ချနိုင်မှုနှင့် အရေးယူဆောင်ရွက်မှု၊ အမျိုးသား လျှပ်စစ်ကော်မရှင်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေမှု၊ လျှပ်စစ်ကဏ္ဍမှ ဝင်ငွေရရှိမှုနှင့် စွမ်းအင် အမျိုးအစားအလိုက် တစ်ယူနစ်အလိုက် ကုန်ကျစရိတ် တို့နှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများက မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြ သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက နယ်စပ် ဒေသများ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာစေရေးနှင့် နယ်စပ်ဒေသတွင် နေထိုင်ကြသည့် လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်လာစေရေး စသည့် အဓိကလုပ်ငန်း တာဝန်ကြီး ၂ ရပ်ကို လုပ်ဆောင် လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ် (၇) ခု၊ တိုင်းဒေသကြီး (၂) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ (၆) ခုရှိ မြို့နယ် (၁၆၇) မြို့နယ်မှ ကျေးရွာပေါင်း ၃၀၀၀၀ ကျော်၏ လူဦးရေ (၁၉) သန်းကျော်ကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ လူဦးရေ၏ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်းကို လွှမ်းခြုံဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
စတုတ္တ (၁) နှစ်တာကာလအတွင်း မြေလမ်း ၂၃၀ မိုင် ၄ ဖာလုံ၊ လမ်းတာချဲ့ ခြင်း၊ ၃၉ မိုင် ၃ ဖာလုံ၊ ဗြုန်းကျောက်ခင်းခြင်း ၁၁ မိုင်၊ ကျောက်လမ်း ၂၆၆ မိုင် ၂ ဖာလုံ၊ ကတ္တရာ လမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၅ မိုင် ၃ ဖာလုံ၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၁၅၅ မိုင် ၁ ဖာလုံ၊ တံတား ကြီး/ငယ်/လတ် ၁၂၇ စင်း၊ Box Culvert အစင်း ၈၃၀ ၊ ကျေးရွာအရောက် စိမ့်စမ်းရေ ၄၈ မိုင် ၁ ဖာလုံ၊ ရေသွယ်ယူခြင်း၊ စက်ရေတွင်း (တွင်းနက်) ၆ တွင်း၊ စက်တူး တွင်း (တွင်းတိမ်) ၁၁ တွင်း၊ ရေလှောင်ကန် ၁ ကန်၊ အုတ်ရေကန် ၃၁၀ ၊ လျှပ်စစ်မီးသွယ်တန်း ခြင်း ၂၃ မိုင် ၆ ဖာလုံ၊ ဆိုလာမီးလင်းရေး ၁၇၉ စုံနှင့် တန်ဖိုးနည်း အိမ်ရာ ၂၇၇ လုံးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးမှုအနေဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူး (၆၅/၄)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်ပေး လျက်ရှိပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မဂွေဇ-ခေါင်လန်ဖူးလမ်း ၃၃ မိုင် ၆ ဖာလုံ ဖောက်လုပ်နိုင်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆန်းလွတ်ချက်တောင်ထိပ်မှ မေခမြစ် ကမ်းပါးအထိ ၄၃ မိုင် ၂ ဖာလုံ လမ်းဖောက်နိုင်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ မဂွေဇမှ မေခမြစ် ဘေး ရီဒမ်းကြိုးတံတားအကျော် (၄၇/၀)မိုင်အထိ ကားလမ်းဖောက်လုပ်ဆဲဖြစ်ပြီး မိုင်တိုင် (၄၇/၀) မိုင်မှ ခေါင်လန်ဖူးအထိ မော်တော်ဆိုင်ကယ်လမ်း (၁၈/၄) မိုင်ကို ဖောက်လုပ် နိုင်ခဲ့ရာ ယခုအခါ ပူတာအို - မဂွေဇ - မေခမြစ်ကမ်း ရီဒမ်းကြိုးတံတား အရှေ့ဘက်ကမ်း (၁၀၃/၃)မိုင် ခရီးကို မော်တော်ယာဉ်များဖြင့် သွားလာနိုင်ပြီဖြစ်၍ ရီဒမ်းကြိုးတံတားမှ ခေါင်လန်ဖူးအထိ မော်တော်ဆိုင်ကယ်များဖြင့် နေ့ချင်းပေါက်သွားလာနိုင်ပြီ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ခါကာဘိုရာဇီ ရေခဲတောင်ဒေသ ပန်နန်းဒင် - ငါဝါ - ဂဝိုင် - ဒုံဇုံ - တဆူထု - တလာထု - ခရောင် - ဒဟွမ်ဒမ်းလမ်း (၆၃) မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အဆိုပါမြေသားလမ်း (၆၃)မိုင်အနက် (၁၅)မိုင် စတင် ဖောက်လုပ်ခဲ့၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၈)မိုင် ပြီးစီးကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၇)မိုင် ဆောင်ရွက် နေဆဲဖြစ်ပါကြောင်း။
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု (၄) ခု၌ ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်နေမှုအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရှိ အစားထိုး ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ပင်လောင်းမြို့နယ် ကျေးရွာ အုပ်စု(၄)ခုရှိ ကျေးရွာ (၉၇) ရွာတို့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ နှစ်မှစ၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အထိ (၃)နှစ် ရှေ့ပြေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှေ့ပြေးစီမံကိန်း ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြေလမ်း (၄၆) မိုင် (၂) ဖာလုံ၊ ကျောက်လမ်း (၂)မိုင်၊ ကတ္တရာလမ်း (၃)မိုင်၊ တံတား(၆)စင်း၊ Box Culvert (၁၅၄) စင်း၊ ရေသွယ်ယူခြင်း (၃၁) မိုင် (၅) ဖာလုံ၊ ရေလှောင်ကန် (၅)ကန်၊ စက်ရေတွင်း (၃)တွင်း၊ မီးသွယ်တန်းခြင်း (၁၁) မိုင်၊ ဆိုလာ (၃၆၇) စုံ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
စတုတ္ထ (၁) နှစ်ကာလအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် ထူးခြားသော အချက် တစ်ချက်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အချို့ဒေသများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်မှုကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလျင်မြန်တိုးတက်ပြီး အကျိုးရှိရန်အတွက် နိုင်ငံတော်မှ မြေလမ်းခွင့်ပြုပေးပါက ကျောက်ခင်းလမ်း/ အမာခံဗြုန်းခင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ကျောက်ခင်းလမ်း ခွင့်ပြုပေးပါက ကတ္တရာလမ်းအထိ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း လမ်းမိုင် (၆၁) မိုင်နှင့် အခြားလမ်းငယ်များကို ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည့်အနက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ် ထီရီး-ထီရီးဗောင်း-ဗောင်းပြုံး ကွန်ကရစ်လမ်းသစ် (၄) မိုင်၊ အကျယ် (၁၂)ပေ၊ (၆)လက်မထုရှိပြီး ဝန်ကြီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ် ၁၃၆ သန်းနှင့် ကျေးရွာလူထု၏ လုပ်အားဖြင့် စုပေါင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်လူရွယ်များကို အခြေခံ၊ အဆင့်မြင့်ပညာရပ်များနှင့် သက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင် မဟာပညာရေး၊ မဟာဒဿန၊ ဆရာအတတ်သင်ဒီပလိုမာနှင့် ဆရာအတတ်သင် သင်တန်းများကို ဖွင့်လှစ် လျက်ရှိပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ပညာရေးဘွဲ့ (၅)နှစ်သင်တန်း ပထမ နှစ်မှ ပဉ္စမနှစ်အထိ ၁၅၄၂ ဦး၊ မဟာပညာရေးဘွဲ့ (၂) နှစ်သင်တန်းကို ၂၈ ဦးနှင့် ဆရာအတတ် ပညာဒီပလိုမာသင်တန်း ၇၃ ဦး စုစုပေါင်း ၁၆၄၃ ဦး မွေးထုတ်သင်ကြားပေး လျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) မှ သင်တန်းသား/သင်တန်းသူပေါင်း ၄၇၂၁ ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ခေါင်းဆောင်မှု စွမ်းရည်မြှင့် တင်ရေး၊ စီမံခန့်ခွဲရေး၊ စာရေးဝန်ထမ်း သင်တန်းများ ပို့ချပေးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း သင်တန်းသား/ သင်တန်းသူ ၉၀၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍ၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (၉)ကျောင်းမှ သင်တန်းသားစုစုပေါင်း ၅၃၉၄ ဦး မွေးထုတ်ပေးခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း သင်တန်းသား စုစုပေါင်း (၉၄၈) ဦး သင်တန်း တက်ရောက် အောင်မြင်ခဲ့ပါကြောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၆) ကျောင်းမှ သင်တန်းသူ ၉၁၈၀၆ ဦး လေ့ကျင့်သင်ကြားပေးခဲ့ပါကြောင်း ရှင်းလင်းပြော ကြားသည်။
ယင်းနောက် သတင်းမီဒီယာများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ ခရီးစဉ် အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံအကြား နှစ်နိုင်ငံသဘောတူညီချက် နားလည်မှုစာချွန်လွှာ တွင် “(၃)နှစ်တာ နယ်စပ် ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာစာလွှာ” နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက ၎င်းမှာ ၃ နှစ် စီမံကိန်းဖြစ်ပြီး Survey လုပ်နေသည့်အဆင့်တွင် ရှိပါကြောင်း၊ မည်သည့်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ကို နယ်စပ်ဒေသရှိ ဒေသ အာဏာပိုင်များနှင့် ဆွေးနွေးနေဆဲဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် လမ်း ၊တံတားများ ရေရှည်တည်တံ့ နိုင်ရန် တင်ဒါခေါ်ယူရာတွင် ထည့်သွင်းထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်း အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများက မေးမြန်းကြရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားကြသည်။
(ဟန်မျိုးစိုး၊ ကေတာ)


