ညောင်ဦး ၈  ဇွန်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ပြန်လည်ပြုပြင်ထားသည့် ဘုရားငါးဆူ ကွမ်းတောင်များအတွင်းရှိ ဌာပနာများ ဖောက်ထွင်းခိုးယူခံရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။

 

ပုဂံဧည်လမ်းညွှန်အသင်းမှ ရှေးဟောင်းဘုရားများ လုံခြုံရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ရွာဟောင်းကြီး ဘုရားမြောက်ဘက်ရှိ ပြန်လည်ပြုပြင်ထားသည့် ဘုရားငါးဆူတွင် ကွမ်းတောင်များ ဖောက်ထွင်းထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ဧည့်လမ်းညွှန်အသင်းအတွင်းရေးမှူး ဦးအောင်ကျော် (ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်း)ထံမှ သိရသည်။

 

ဖောက်ထွင်းခံရသည့် ဘုရားများမှာ ဘုရားအမှတ်-၁၈၈၂၊ ဘုရားအမှတ်-၁၈၇၅၊ ဘုရားအမှတ် -၁၈၇၇၊ ဘုရားအမှတ်-၁၈၆၂၊ ဘုရားအမှတ် -၁၈၉၇ တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဘုရားများမှာ ဘုရားဖူးများအရောက်နည်းပြီး လူဝင်လူထွက်သွားလာမှုနည်းသော ဘုရားများဖြစ်ကာ ဘုရားများပျက်စီးနေမှုနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)၊ ဖေလိန်း(ပုဂံ)