ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon
အသည်းနဲ့ ပတ်သက်တဲ့ရောဂါ တစ်ခုခုရှိနေတာဖြစ်ဖြစ်၊ အသည်းမကျန်းမာတဲ့ သူတွေအတွက် မကြာခဏစားသုံးဖို့လိုတဲ့ အသီးအနှံတွေကို အကြံပြုပေးချင်ပါတယ်။
သံပရာသီး
အသည်း အဆီဖုံးနေတာတွေ လျော့ပါးစေဖို့က သံပရာသီးက အကောင်းဆုံးဓာတ်စာပါပဲ။ ရေတစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်းသောက်ပေးတာက အသည်းမှာ စုနေတဲ့အဆီတွေကို အမြန်ဆုံး ကျဆင်းစေပါတယ်။
သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင်စီလည်း ကြွယ်ဝပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။
မန်ကျည်းသီး
ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှု မြင့်မားလို့ အဆီကြောင့် သွေးကြောထူ သွေးကြောကျဉ်း ရောဂါ (arteriosclerosis) ကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိလို့ အစာခြေစနစ်ကိုကောင်းစေပြီး အဆီတွေ ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကိုသန့်စင်စေပြီး ကိုလက်စထရောတွေ ကျစေတဲ့အပြင် အသည်းမှာဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။
သစ်တော်သီး
သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အာဟာရဓာတ်တွေ အများကြီး ပါဝင်တဲ့အပြင် ချိုမြတဲ့ အရသာကြောင့် လူကို လန်းဆန်းစေပါတယ်။ရေဓာတ် ပါဝင်မှုများပြီး အမျှင်ဓာတ်ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ အပြင် ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်အီးတို့ ပါဝင်ပါတယ်။
သွေးတွင်းကို လက်စထရောကို ကျစေပြီး အစာခြေစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအချက်တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာဖြစ်ပြီး ပန်ကရိယနဲ့ အသည်းကို သန့်စင်စေပါတယ်။
ဖရဲသီး
ဖရဲသီးနဲ့ သင်္ဘောစေ့တို့က တွဲဖက်သင့်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကို ရောကြိတ်ဖျော်စပ်ထားတဲ့ အချိုရည်တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာ စုနေတဲ့အဆီတွေကို လျော့ပါးစေနိုင်စွမ်း ရှိပါတယ်။
တစ်နေ့တစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။ ဖရဲသီးအစိတ်သေး နှစ်စိတ်၊ ရေသန့် တစ်ခွက်၊ သင်္ဘောစေ့ နှစ်စေ့ကို ကြိတ်ပြီး ဖြည်းဖြည်းချင်း သောက်ပါ။
စတော်ဘယ်ရီ
ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။
သွေးတိုးကို ကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊ သံပရာသီးလေး နည်းနည်း ထည့်ပြီး သောက်ရင် detox water အဖြစ် သောက်လို့ရပါတယ်။