သာစည်   ၉   ဇွန်

 

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကိုဗစ်-၁၉  ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း နေရပ်ပြန်များ ထားရှိရန် အသွားအလာ ကန့်သတ်စောင်ကြည့်ထားရှိရာ နေရာများ အဖြစ် ဆောင်ရွက်ခဲ့သော အခြေခံပညာကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို  ဇွန် ၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ပိုးသတ်ဆေးဖျန်းခြင်းကို မြို့နယ် ကိုဗစ်-၁၉  ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်မှုဖြင့်  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စနစ်တကျဖြင့်  စာသင်ဆောင်များ၊ စာသင်ခန်းများ၊ တံခါးလက်ကိုင်များ၊ စာသင်ခုံများ၊ ရေလောင်းအိမ်သာ၊ ရေချိုးရာနေရာများ စသည်ဖြင့် အသွားအလာကန့်သတ်ထားရှိသူများ အသုံးပြုရာနေရာများကို နေရာအနှံ့ ပိုးသတ်ဆေး ပက်ဖျန်းကြကြောင်း သိရသည်။

 

ထိုသို့ ပိုးသတ်ဆေးဖျန်းရာ နေရာများသို့ မြို့နယ် ကိုဗစ်-၁၉  ကြိုတင်ကာကွယ ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးမြင့်စိန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းတို့က လိုက်လံစစ်ဆေးပြီး ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

သာစည်မြို့နယ်တွင် အသွားအလာ ကန့်သတ်စောင်ကြည့်ထားရှိရာ နေရာများ အဖြစ်ဆောင်ရွက်ခဲ့သော အခြေခံပညာ ကျောင်းပေါင်း ၅၈ ကျောင်း ရှိကြောင်း သိရသည်။                        

 

ထွန်းထွန်း(သာစည်)