ဒီးမော့ဆို ၉ ဇွန်           

 

ကယားပြည်နယ်တွင် နှစ်စဉ် မော်တော်ယာဉ်အသုံးပြုသူ တိုးတက်များပြားလာသည်နှင့်အမျှ လက်ရှိ အသုံးပြုနေသော လမ်းမကြီးများအား အဆင့်မြင့်တင်ခြင်း၊ လမ်းသားများ ချဲ့ခြင်းနှင့် လမ်းတာဘောင်များ ချဲ့ခြင်းများကို ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးအား လမ်းအကျယ် ၁၈ ပေမှ ၂၄ ပေထိ လမ်းချဲ့ခြင်းလုပ်ငန်း မကြာမီ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

 

ယခု ဆောင်ရွက်နေသော လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးသည် လွိုင်ကော်မြို့နယ် အစပ်မှ ဒီးမော့ဆိုမြို့အထိ လမ်းအရှည် ၆ မိုင် ၆ ဖာလုံရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် ၇ ဖာလုံအား လမ်းအကျယ် ၁၈ ပေမှ ၂၄ ပေထိ လမ်းချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော လမ်းအရှည် ၅ မိုင် ၇ ဖာလုံအား ရန်ပုံငွေကျပ် ၁၂၅၄ ဒသမ ၈၄၂ သန်းဖြင့် Lot  ၄  ခုခွဲကာ လမ်းချဲ့ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မော်မြာ ထံမှ သိရသည်။

 

လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးသည် ခရီးသွားပြည်သူများ နေ့စဉ်အသုံးပြုမှု များပြား လျက်ရှိသည့်အပြင် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးပါသော တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး လမ်းမကြီး တစ်ခုလည်း ဖြစ်သည်။

 

ဒါ့ပြင် ဒီးမော့ဆိုမြို့နယ် လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲ လမ်းအား ၁၂ ပေမှ ၁၈ ပေထိ လမ်းအကျယ်ချဲ့ခြင်း ၂ မိုင် ၄ ဖာလုံ၊ ၃၄ ပေအကျယ် လမ်းတာဘောင် ချဲ့ခြင်း ၂ မိုင်နှင့် ၃၄ ပေ အကျယ် Box Culvert တစ်စင်း ဆောင်ရွက်ခြင်း၊ ဒီးမော့ဆို-ဒေါညေးခူ-ဘောလခဲ လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၄ ဖာလုံ၊ လမ်းကွေ့ချဲ့ခြင်း ၃၀၀၀ ပေ နှင့် မြို့တွင်း ပလက်ဖောင်း ၆၂၅၀ ပေ ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)