ဟင်္သာတ   ၉   ဇွန်

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လ ၃၀ ရက်နေ့က ခေတ္တဆိုင်းငံ့ထားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး (ဟင်္သာတခရိုင်)ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ဇွန် ၈ ရက်က ပြန်လည်စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ မော်တော်ယာဉ်သက်တမ်းတိုးလုပ်ငန်း များနှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလုပ်ငန်းများ စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးပြီး ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ပေးခြင်းများ မရှိ‌သေးကြောင်း သိရသည်။

 

“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လိုက်နာပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရုံးအဝင်တွင် လက်ဆေးဘေစင်ထားရှိခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း လိုက်နာဆောင်ရွက်ရန် တို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း” (ဟင်္သာတခရိုင်) ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးအောင်ဌေးက ပြောသည်။

 

ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် ကာလအတွင်း ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များကို သတ်မှတ်ထားသည့်ကာလအတွင်း နှစ်လဲ သက်တမ်းတိုး လာရောက်ဆောင်ရွက်မှသာ ဒဏ်ကြေးလျော့ပေါ့ခွင့်ရမည်ဖြစ်ပြီး  မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း (၅)နှစ်ကျော်ပြီး နှစ်ပြတ်နိုင်သည့် မော်တော်ယာဉ်များသည် သတ်မှတ်ကာလအတွင်း သက်တမ်းတိုးပြုလုပ်ခြင်း မရှိပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းခြင်း ခံရမည်ဖြစ်ကြောင်း အဆိုပါ(ဟင်္သာတခရိုင်)ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးက သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)