ဘုတလင်   ၉   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ဝန်ပိုကျေးရွာတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကမ်းပြိုကာကွယ်ရေး ကျောက်စီ မြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဘုတလင်မြို့နယ်၊ ဝန်ပိုကျေးရွာတွင် အလျား ၆၂၅ ပေရှိ ကျောက်စီမြစ်ကမ်းထိန်းနံရံ တည်ဆောက် ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၆၀ ဖြင့် ရွှေစင်ရိုးမကုမ္ပဏီက တာဝန် ယူတည်ဆောက်ခဲ့သည်။

 

ချင်းတွင်းမြစ်ရေကြီးချိန်တွင် အမြန်ရေယာဉ်များက ကမ်းပါးကိုကပ်ပြီးမောင်းသဖြင့် ရေလှိုင်း ရိုက်၍ ကမ်းပါးပြိုကျပြီး ရေတိုက်စားမှုများကြောင့် စိုက်ပျိုးနိုင်သည့် နုန်းမြေများ ပါသွားခဲ့ရကြောင်း၊ ကမ်းပါးပြိုကျမှုများလာလျှင် ရွာကိုထိခိုက်လာနိုင်သဖြင့် ကျောက်စီမြစ်ကမ်းထိန်းနံရံ တည်ဆောက် ရခြင်း ဖြစ်ကြောင်း ဝန်ပိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညီညီထွန်းက ပြောသည်။

 

အဆိုပါ ကျောက်စီမြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလအတွင်းက စတင် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)