ရေနံချောင်း ၉  ဇွန် 


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျမှုများရှိသဖြင့် ဧပြီလ တတိယအပတ်မှစတင်ပြီး ယခုလ ဇွန် ၈ ရက်အထိ ကမ်းပြိုသည့်နေရာနှင့် နီးကပ်နေသည့် ကျေးရွာ အုပ်စု ၃ အုပ်စုမှ နေအိမ် ၂၈ လုံးအား ကြိုတင်ပြောင်းရွေ့ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌနမှ သိရသည်။


 “မြစ်ရေတိုက်စားပြီး ကမ်းပြိုနေတော့ ဧပြီ ၁၉ ရက်ကစတင်ပြီး ကမ်းပြိုတဲ့နေရာနဲ့ ပေ ၅၀၊ ပေ ၁၀၀ ခန့်အကွာအဝေးမှာရှိတဲ့ နေအိမ်တွေက ကြိုတင်ပြောင်းရွေ့နေတာဖြစ်ပါတယ်။ ယခုလ ဇွန် ၈ ရက်နေ့အထိ ကျေးရွာအုပ်စု ၃ အုပ်စုက နေအိမ် ၂၈ လုံးကို ကြိုတင်ပြောင်းရွှေ့ပြီးပါပြီ။ ကမ်းပြိုတဲ့နေရာနဲ့နီးမှ ရွေ့ပြောင်းရင်အချိန်မမီတော့ဘဲ ဘေးအန္တရာယ် ကျရောက်မှာကို စိုးရိမ်ပြီး သက်ဆိုင်ရာကျေးရွာတွေမှာရှိတဲ့ အမြင့်ပိုင်းမြေနေရာ တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကျေးရွာတာဝန်ခံတွေ၊ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ကြိုတင်ပြောင်းရွှေ့တာတွေပြုလုပ်နေတာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော က ပြောသည်။


အဆိုပါမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် မာန်မြေကျေးရွာအုပ်စု မိန်းမလှ ကျွန်းကျေးရွာမှ နေအိမ် ၇ လုံး၊ ရွာသာကုန်းကျေးရွာမှ နေအိမ် ၃ လုံး၊ ကျန်းကိုင်ကျွန်း ကျေးရွာအုပ်စု ကံသာကျေးရွာမှ နေအိမ် ၁၄ လုံးနှင့် ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာမှ နေအိမ် ၄ လုံး စုစုပေါင်း နေအိမ် ၂၈ လုံးကို ကြိုတင်ပြောင်းရွေ့ထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ပြောင်းရွေ့နေအိမ် ၁၄ လုံးအတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ တစ်သိန်းကျပ်နှင့် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုငွေ ၂၁၀၀ ကျပ်ကို တစ်ပတ်စာ ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရသည်။


ကိုစိုးကြီး