မိတ္ထီလာ  ၉  ဇွန်

 

မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သွားလာမှုကန့်သတ်ထားရှိသည့် စင်တာများအား ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာန ဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပနိုင်ငံများမှ မိမိတို့နေရပ်သို့ ပြန်လာသူများကိုလည်း အသွားအလာ ကန့်သတ်စင်တာများထားရှိပြီး ၎င်းစင်တာများတွင် (၂၁) ရက် အသွားအလာကန့်သတ်၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

 

မိတ္ထီလာမြို့နယ်တွင် သွားလာမှုကန့်သတ်ထားရှိသည့် စင်တာနေရာများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ စာသင်ကျောင်းများတွင် ထားရှိခဲ့သည်။ အဆိုပါသွားလာမှု ကန့်သတ်ထားရှိသည့် စာသင်ကျောင်းများမှာ ပြန်လည်ဖွင့်လှစ် တော့မည်ဖြစ်၍  ကျောင်းသားကျောင်းသူ စာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ သွားလာမှုကန့်သတ်ထားရှိသည့် စင်တာများအနက် အ.ထ.က(၄)၊ အ.ထ.က(ခွဲ)အောင်ဇေယျာ၊ အ.မ.က(ဥယျာဉ်)၊ အ.လ.က(မြာ-ရေဝေ)နှင့် အ.မ.က မူလွန်(မယ်ဇလီပင်)များရှိ စင်တာများကို မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)