မဟာအောင်မြေ ၉ ဇွန်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေဖြင့် လမ်းကြားများ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ရပ်ကွက်များအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ၃၈× ၄၀လမ်း ကြား၊ ၉၂×၉၃လမ်းကြား အကွက် အကွက်အမှတ် (၃၄၈)နှင့် (၃၄၉)တို့တွင် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ နှင့် အလှူရှင်များ စုပေါင်းကာ ငွေကျပ် (၆၆)သိန်းကျော်ဖြင့် အရှည် ၁၉၅ပေ အကျယ် ၁၀ ပေရှိ ကွန်ကရစ်လမ်း နှင့် ငွေကျပ် (၁၁၄)သိန်းကျော်ဖြင့် အရှည်ပေ ၂၆၀ပေနှင့် အကျယ် ၁၈ပေတို့ဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မဟာအရှေ့ရပ်ကွက် ၄၁လမ်း၊ ၈၀× ၈၁လမ်းကြား ပြည်ထောင်လွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၃၇)သိန်း ကျော်ဖြင့် အရှည် ၁၆၆ပေရှိ ရေနုတ်မြောင်း ဆောင်ရွက်ခြင်း၊ မဟာမြိုင် (၁)ရပ်ကွက် အောင်စေတနာ လမ်းနှင့် ၆၇လမ်းကြား၊ ၃၇×၃၈လမ်းကြား သစ္စာမြိုင်လမ်း အရှည် ၁၂၂ပေ အကျယ် ၁၃ပေအား ငွေကျပ် (၂၁)သိန်းကျော်ဖြင့် လည်းကောင်း ယုဇနလမ်း အရှည် ၁၄၆ပေ အကျယ် ၁၃ပေအား ငွေကျပ် (၂၅)သိန်း ကျော်ဖြင့် လည်းကောင်း သံလျှက်မော်အရှေ့ရပ်ကွက် ၄၁×၄၂လမ်းကြား ဦးတုတ်လမ်းကြား အရှည် ၁၂၀ပေ အကျယ် ၈ပေရှိလမ်းအား ငွေကျပ် (၃၄)သိန်းကျော်ဖြင့်လည်းကောင်း အကုန်အကျခံကာ ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် အလှူရှင်များမှ လှူဒါန်းမှုဖြင့် ဆောင်ရွက်လျှက်ရှိသော ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ရေနှုတ်မြောင်း ပြုပြင်ခြင်းတို့အား ဇွန်လ (၈)ရက်နေ့က မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကော်မတီဝင်များသည် လုပ်ငန်းသတ်မှတ်ချက် စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် လုပ်ငန်းပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်


