ငပုတော  ၉  ဇွန်  

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း  ကိုဗစ်-၁၉  ရောဂါနှင့် ပတ်သက်သော အသိပညာများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဗဟုသုတများနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စုပေါင်းကာကွယ် တားစီးနိုင်ရန်ရည်ရွယ်၍ သတင်းပြန်ကြားရေးဆိုင်ရာ Information Campaign အခမ်းအနားကို  ယနေ့နံနက် ၈ အချိန်က ငပုတောမြို့ မြို့မဈေး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းတွင် ငပုတောမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာအသီးသီး၏ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော မှတ်တမ်း ဓါတ်ပုံများ၊ စီမံကိန်းဆိုင်ရာ စာစောင်နှင့် စာအုပ်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ပိုစတာများ၊ လိုက်နာဆောင်ရွက်ရန်အချက်အလက်များကို တက်ရောက်လာသူများက လေ့လာဖတ်ရှု ကြပြီး ၊ စီမံကိန်းဆိုင်ရာ နှင့် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေး ဉာဏ်စမ်းမေးခွန်းများကို သက်ဆိုင်ရာ တာဝန်ရှိ သူများက မေးမြန်းပြီး ဖြေဆိုနိုင်သူများကို အသင့်ချုပ်ပြီး Mask များအား ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ Information Campaign အခမ်းအနားကို ငပုတောမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဦး၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးကျော်သူမင်းနှင့် စီမံကိန်း ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာများ လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင် များ၊ စိတ်ပါဝင်စားသူ ကျား၊ မ၊ ကလေးသူငယ်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉  ဆိုင်ရာ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စိုးမိုးကျော်