မဘိမ်း     ၈    ဇွန်             

   

ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Quarantine Center များအလိုက် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ တစ်ရက်တာ ပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့ မနက်ပိုင်းက မဘိမ်းမြို့အခြေခံပညာ အထက်တန်းကျောင်း၊ မြသီတာခန်းမ၌  ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။

 

သင်တန်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးကျော်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင်ညိုတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး စေတနာ့ဝန်ထမ်းများ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို မိုးမိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာသန်းက ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးကျော်နိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ဆရာဝန် ဒေါက်တာထွန်းအောင်စိုး၊ မိုးမိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာသန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်နိုင်၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးကျော်မင်းစိန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဦးတို့က ကိုဗစ်-၁၉ ရောဂါတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဏ၊ ရောဂါကာကွယ်ခြင်းနည်းလမ်းများ၊ ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်း၊ ကန့်သတ်စောင့်ကြည့်နေရာများ ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြောဆိုဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှုနှင့် စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်းများ စသည့်ဘာသာရပ်များကို သင်တန်းသားသင်တန်းသူ(၄၆)ဦးအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)