မြန်အောင် ၉ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ထားသော Facility Quarantine Center များကို ပြန်လည်အပ်နှံရန် မြန်အောင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် Facility Quarantine Center ဖွင့်လှစ်ထားသော အခြေခံပညာ ကျောင်းများ စာသင်ကြားရေး အဆင်သင့်ဖြစ်စေရန်အတွက် ကျောင်းဝန်းနှင့်စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ယနေ့နံနက်က မြန်အောင်မြို့ နေခြည်ကျောင်းအတွင်း မြိ့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း Facility Quarantine Center အဖြစ် အသုံးပြုနေသော အခြေခံပညာ ကျောင်း(၂၁) ကျောင်းကို ကျောင်းဝန်းနှင့်စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းတို့ ဆောင်ရွက်ပြီး ပညာရေးဌာနသို့ ယခုလ ၁၂ ရက်နေ့တွင် ပြန်လည်လွဲပြောင်း ပေးသွားမည်ဖြစ်ပြီး Quarantine Center များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများ၊ ဓမ္မာရုံများတွင် ပြောင်လဲဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ မြန်အောင်မြို့နယ်အတွင်း Quarantine Center (၁၃)ခုတွင် ပြည်တွင်းမှပြန်လည်ရောက်ရှိလာသူ (၆)ဦး၊ ပြည်ပမှပြန်လည်ရောက်ရှိလာသူ (၈၁) ဦးရှိကြောင်း မြန်အောင်မြို့ နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဝင်းဗိုလ် မြန်အောင်


