ကလေး  ၉    ဇွန်          

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ (၉၁)ဦးတို့အား သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ခေတ္တထားရှိပြီး ဓာတ်ခွဲနမူနာရယူ၍ ကျန်းမာရေး အခြေအနေ ရလဒ်ကောင်းမွန်ပါက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများတွင် ဖွင့်လှစ်ထား ရှိသော Quarantine Center များသို့ ဇွန် ၁၀ရက်နေ့မှစတင်၍ ပို့ဆောင်ကာ Community Based Facility Quarantine Center ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

 ဓာတ်ခွဲနမူနာ ရယူခြင်းကို ဇွန် ၈ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် စောင့်ကြည့်ခံ (၅၇)ဦးတို့ကို ဓာတ်ခွဲနမူနာရယူခဲ့ပြီး ကျန်(၃၄)ဦးတို့ကိုလည်း ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကာ အဖြေသိရှိရပါက ကလေးမြို့ အနောက်ဘက်ခြမ်းရှိ  ရပ်ကွက် ၁၀ ခုမှ ပြည်ပပြန်များကို ကလေး တက္ကသိုလ်သို့ လည်းကောင်း၊ ကလေးမြို့ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက် ၁၀ ခုမှ ပြည်ပပြန်များကို သီတဂူ အာရောဂျဒါနဆေးရုံကြီး သို့လည်းကောင်း၊ ကျေးရွာများရှိ ပြည်ပပြန်များကို ကျေးရွာ Quarantine စခန်းများသို့ လည်းကောင်း အသီးသီးပို့ဆောင်ထားရှိသွားမည်ဖြစ်သည်။

 

အဆိုပါ Quarantine စခန်းများသို့ ရောက်ရှိကြသော ပြည်ပပြန်များအား ကလေးမြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် စေတနာရှင်ပြည်သူ များ ပူးပေါင်း၍ အစားအသောက်များကိုလည်း အဆင်ပြေအောင် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ စေတနာရှင်ပြည်သူများမှ လှူဒါန်းလိုပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

                                                                         

  သန်းထိုက်အောင်(ပြန်/ဆက်)