တံတားဦး    ၉   ဇွန်

 

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ အခမဲ့ဖြန်ဝေနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူ များအား ယနေ့နံနက်(၁၀)အချိန်က တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဗလာစာအုပ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

 

တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းရှိနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းပေါင်း (၉)ကျောင်းတို့ကို ကျောင်းသုံးဗလာစာအုပ်များကို အခြေခံပညာမူလတန်းကျောင်းသား/သူ KG တန်းမပါ ပထမတန်းမှစတင်၍ စတုတ္တတန်းအထိ ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင် နှုန်းဖြင့် အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း၊ ပုံနှိပ်စာအုပ်များကိုတော့ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများအားလုံးကို အခမဲ့ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

 

 

ယင်းအပြင် တံတားဦးမြို့နယ်အနေဖြင့် ယနေ့စတင်ထုတ်ပေးနေသည့် ဗလာစာအုပ်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်အတွင်း ကျောင်းမိသားစု(၄)အုပ်စုကို တစ်ရက်ထုတ်ပေးမည် ဖြစ်ပြီး ကျောင်းမိသားစု (၁၂)အုပ်စုရှိသည့်အတွက် သုံးရက်ထုတ်ပေးမည်ကြောင်း အခြေခံပညာကျောင်းရှိ ကျောင်း/သူ စုစုပေါင်း(၁၀၀၆၁)ဦးကို ထုတ်ပေးမည်ဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးရေခဲထံမှ သိရသည်။

 

 

ကျောင်းသား/သူများအနေဖြင့် ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် စာအုပ်များအဆင်သင့် ဖြစ်စေရန် ရည်ရွယ်ပါကြောင်းနှင့် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းများကိုလည်း အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပါကြောင်း သင်ရိုးသစ်နှင့်သင်ရိုးဟောင်း နှစ်မျိုးစလုံးကို ၂၀၁၉-၂၀၂၀ပညာသင်နှစ် ကျောင်းသား/သူများအတွက် စာအုပ်များထုတ်ပေးထားပါကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)