မုံရွာ ၉ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးရာသီတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧက(၂၀၀)ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

 

“ပုဂ္ဂလိက ကုမ္ပဏီတွေပါတယ်၊ အစုအဖွဲ့တွေပါမယ်။ ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးကြတာပါ၊ အခု ဘဏ္ဍာနှစ်မှာတော့ ကျွန်းစိုက်ခင်း ဧက(၂၀၀)ကို စိုက်ပျိုးသွားမှာပါ၊ ကျွန်းပျိုးပင်တွေပျိုးထောင်ပြီး၊ မြေနေရာ ရှင်းလင်းတာ၊ သစ်ပင်ကျင်းတူးတာ၊ မြေဆွေးထည့်တာစတဲ့ လုပ်ငန်းတွေ လုပ်နေတယ်၊ မိုးကျလာရင် စတင်စိုက်ပျိုး ကြတော့မှာဖြစ်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။

 

ပုဂ္ဂလိကကျွန်းစိုက်ခင်းများ စိုက်ပျိုးနှစ်ကြာလာပြီး ကျွန်းသစ်များထွက်ရှိချိန်တွင် ၎င်းသစ်များကို သတ်မှတ်ချက်များနှင့်အညီ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထုတ်ယူသုံးစွဲရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ စိုက်ပျိုးသောလုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)