ပွင့်ဖြူ    ၉   ဇွန်       

 

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းစခန်းမှ ဒေသတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မွေးမြူရေးနိုင်ရေးအတွက် ငါးသားပေါက်များကို ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းစခန်းသည် ငါးသယံဇာတကြွယ်ဝစေရန်နှင့် ဒေသတွင်းရှိ ငါးမွေးတောင်သူများ တစ်ပိုင် တစ်နိုင် မျိုးကောင်းမျိုးသန့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နှစ်စဉ် ငါးမွေးမြူရေးကန်(၂၇)ကန်ဖြင့် ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ တီလားဗီးယား ငါးမျိုးများကို ဆေးထိုးသားဖောက်နည်း၊ သဘာဝနည်းများဖြင့် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များထုတ်လုပ်ကာ မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာ၊ ငဖဲ၊ မင်းလှ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆော စသည့်မြို့များသို့  ငါးမွေးတောင်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် သဘာဝရေပြင်များ၊ ဆည်ရေလှောင်တမံများ၊ စပါးစိုက်လယ်မြေများနှင့် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိကြောင်းလည်း သိရသည်။

 

ငါးသားဖောက်ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ငါးသားပေါက်ကောင်ရေ သိန်း (၅၀) မှ သိန်း (၆၀) ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးတွင် မျိုးကောင်းမျိုးသန့် ငါးသားပေါက်ထုတ်လုပ်လျက်ရှိသည့် ငါးလုပ်ငန်းစခန်း(၂)ခုရှိပြီး ယင်းတို့အနက် ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းစခန်းအနေဖြင့် နှစ်စဉ် ငါးမွေးကန်(၂၇)ကန်ဖြင့် ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ တီလားဗီးယား စသည့် ငါး(၄)မျိုးကို ငါးသားပေါက်များ ထုတ်လုပ်ကာ တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရကာ ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ (၅၅)သိန်းခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံ ဦးဉာဏ်ဝင်း ထံမှ သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )