သီပေါ ၉ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်ဒေသတွင် ၂၀၁၈ ခုနှစ် ဇွန်လက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများနှင့် ချောင်းရေလျှံခြင်းများဖြစ်ပေါ်ကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နမ့်လန်ဒေသ ရေဘေးကာကွယ်ရန်အတွက် တင်ဒါအောင်မြင်သော ခိုင်ခိုင်ညီဝင်း ကုမ္ပဏီမှ တာဝန်ယူပြီး နမ့်လန်ကျေးရွာ၌ အရှည်ပေ ၁၁၀ဝ၊ အနံ ၈ ပေရှိ ငွေကျပ် ၉၉၈ သိန်းကုန် ကျသည့် ကျောက်လိုင်နင်ရေတားတာဘောင်အား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းအေး၊ နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်ရွမ်းနှင့်ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများက ယနေ့နံနက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

 

စိုင်း (သီပေါ)