၁၀ ဇွန်
တရုတ်အစိုးရက သင်းခွေချပ်ကို ရိုးရာတိုင်းရင်းဆေးစာရင်းမှ ပယ်ဖျက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစိုးရပိုင် သတင်းစာမှာ ဖော်ပြသွားပါတယ်။ မျိုးသုဉ်းရန် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေကို ဉပဒေအရ ကာကွယ်ပေးရေး တောင်းဆိုမှုတွေ များလာပြီးနောက် စာရင်းမှ အခုလို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
သင်းခွေချပ်နဲ့အတူ လင်းနို့ချေးနဲ့ ဆေးဖော်စပ်ခြင်းကိုပါ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်မှုကနေ ဒီနှစ်ကုန်ပိုင်းမှာ ပယ်ဖျက်သွားမယ်လို့ အစိုးရပိုင် Health Times ကျန်းမာရေး သတင်းစာမှာ ရေးသားထားပါတယ်။
ကမ္ဘာ့မှောင်ခို ဈေးကွက်မှာ သင်းခွေချပ်ဟာ အများဆုံး တွေ့ရတဲ့ နို့တိုက်သတ္တဝါ ဖြစ်ပါတယ်။ ဝူဟန်မြို့ ဈေးတစ်ဈေးမှ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ သင်းခွေချပ်ကနေ စတင်ခဲ့ကြောင်း ပညာရှင်တချို့က ယူဆထားပါတယ်။
သိပ္ပံပညာရှင်တွေက သင်းခွေချပ်မှာ ကုသပေးနိုင်တဲ့ အရာတွေ မပါရှိကြောင်း ပြောပေမယ့် သင်းခွေချပ်ရဲ့ ခန္ဓာကိုယ် အပိုင်းတွေဟာ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်ရာမှာ အသုံးပြုနေတဲ့အတွက် မှောင်ခိုဈေးကွက်မှာ ဈေးကြီးပေးပြီး ရောင်းဝယ်နေတာကို တွေ့ရပါတယ်။
တရုတ်သစ်တော တာဝန်ရှိသူတွေက သင်းခွေချပ်ဟာ မျိုးသုဉ်းနိုင်တဲ့အတွက် အထူးကာကွယ် စောင့်ရှောက်နေကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားပါတယ်။
သင်းခွေချပ်ကို မှောင်ခို ဈေးကွက်ကနေ ကာကွယ်ဖို့ တရုတ်အစိုးရက လုပ်ဆောင်လာတာကို ကြိုဆိုကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး WWF က ပြောဆိုလိုက်ပါတယ်။
MDN
ကိုးကား - AFP