ငါးသိုင်းချောင်း ၁၀  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဒေသခံ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (mask) နှာခေါင်းစည်း တပ်ဆင်သွားလာသည့် အလေ့အထရရှိစေရန်နှင့် ရောဂါပိုမိုကာကွယ်နိုင်သည့် mask များကို ဈေးနှုန်း ချိုသာစွာဖြင့် အလွယ်တစ်ကူဝယ်ယူတပ်ဆင်နိုင်ရေး၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့်လည်း နေ့စဉ် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ရေးအတွက် အာယုပါလဆေးနှင့် သွေးအလှူတော် အဖွဲ့က  ဇွန်လ ၁၀ ရက်နေ့မှစတင်၍ ပြည်သူတစ်ဦးလျင် Mask (၁၀)ခုကို ငွေ(၅၀၀)ကျပ်နှုန်းဖြင့် အဆိုပါအသင်းရုံးတွင် ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အာယုပါလအသင်းအနေဖြင့် (mask)နှာခေါင်းစည်းများကို အခမဲ့လှူဒါန်းမှုပြုနိုင်သော်လည်း ဒေသခံ ပြည်သူများအား (နေ့စဉ်) အဆက်မပြတ် အသိပညာပေး၊ သတိပေးကူညီဆောင်ရွက်ပေးလိုခြင်းနှင့် surgical mask များကို လူတန်းစားမရွေး အလွယ်တကူ ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် mask ဝယ်ယူစုဆောင်းရာတွင် လိုအပ်သောငွေကြေးနှင့် လုပ်အားဒါနကို အသင်းမှ စိုက်ထုတ်ကူညီ ဆောင်ရွက်‌ရောင်းချပေးရခြင်းဖြစ်ကြောင်း၊ မေလနောက်ဆုံးပတ်မှ ဇွန်လ ၉ ရက်နေ့ အထိ ပြည်သူတစ်ဦးလျင် surgical mask (၅)ခုကို ငွေကျပ် (၅၀၀) နှုန်းဖြင့် ရောင်းချပေးခဲ့ရာ mask အခုရေ နှစ်သိန်းကျော်ကို ဒေသခံပြည်သူများ ဝယ်ယူတပ်ဆင်နိုင်ခဲ့ကြောင်း၊ ယနေ့မှစတင်၍ ပြည်သူတစ်ဦးလျှင် surgical mask (၁၀)ခုကို ငွေ(၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းထပ်မံလျော့ပေါ့၍ ရောင်းချပေးနေပြီဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှ(mask)အခုရေ နှစ်သောင်းကျော် ရောင်းချပေးနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် မြို့ပေါ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့မှ ဦးနီတာလေးက ပြောကြားထားကြောင်း သိရှိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)