ဘားအံ  ၁၀  ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြန်မာ့စာတိုက်လုပ်ငန်းက ဆောင်ရွက်လျှက်ရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ချောလမ်းကြောင်းများ မပြတ်တောက်စေရေးအတွက် ပုဂ္ဂလိက လိုင်းကားများ ရပ်နားထားသော်လည်း မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ဌာနအစီအစဉ်ဖြင့် တစ်နိုင်ငံလုံးမှ ကရင်ပြည်နယ်အတွက် ပေးပို့သော ချောစာ/ချောပစ္စည်းများအား ရန်ကုန်စာရွေး၊ စာပို့စခန်းမှ မီးရထားဖြင့် မော်လမြိုင်သို့ ပေးပို့ခဲ့ပြီး မော်လမြိုင်စာတိုက်နှင့် ဘားအံစာတိုက်မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဇာသပြင်မြို့တွင် တစ်ပတ်လျှင်(၂)ကြိမ် ချောလဲလှယ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

 

ရရှိလာသော ချောအိတ်များမှ ချောပစ္စည်းများကို ချောလမ်းကြောင်း မပြတ်တောက်စေရန် ပြည်နယ်အတွင်း စာတိုက်များသို့ ထပ်ဆင့်ပေးပို့နိုင်ရေးအတွက် ရွေးချယ်၍ ဘားအံစာတိုက်မှ ပြည်နယ်အတွင်း စာတိုက်များသို့ ကုန်ကား၊ အိမ်စီးကား၊ ဌာနဆိုင်ရာကား၊ စက်လှေ၊ လူကြုံများဖြင့် ဌာနတွင်းအစီအစဉ်ဖြင့် ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သင်္ကြန်ရုံးပိတ်ရက်နှင့် အများပြည်သူများရုံးပိတ်ရက် ကာလများတွင်လည်း မြန်မာ့စာတိုက်လုပ်ငန်းမှ ပိတ်ရက်မရှိ ချောပစ္စည်းများ လက်ခံပေးဝေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်တာဝန်ခံ အရာရှိ ဒေါ်အေးအေးအောင်ထံမှ သိရှိရပါသည်။

 

ကရင်ပြည်နယ်၊ ဘားအံမြို့ မြန်မာ့စာတိုက်အနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း စာတိုက်သို့ လာ ရောက်ကြသည့် ပြည်သူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်း ကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးရန်နေရာများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ထားရှိသည့်အပြင် မြန်မာ့စာတိုက်လုပ်ငန်းမှ ကိုဗစ်-၁၉ ရောဂါကြောင့် ကားလမ်းကြောင်းများ ယာယီရပ်နားထားသော်လည်း ဇွန်လပထမပတ်တွင် ကားလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့၍ ချောပစ္စည်းများကို မီရထားလမ်းကြောင်း၊ ကားလမ်းကြောင်း (၂)မျိုးလုံးဖြင့် ဝန်ဆောင်မှု များပေးလျှက်ရှိကြောင်း သိရှိရပါသည်။

 

စိုးစိုးအေး(ပြန်/ဆက်)