ဘားအံ ၁၀ ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယာယီ ပိတ်ထားရခဲ့ပြီး  ကာလရှည်(၂)နှစ် ပုံမှန်သင်တန်းနှင့်ကာလတို သင်တန်းများကို ပြန်လည် ဖွင့်လှစ်သွားနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကြိုတင် စီစဉ်လျှက်ရှိကြောင်း သိရသည်။

 

ဘားအံမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ကာလရှည်(၂)နှစ် ပုံမှန်သင်တန်းကို ဇူလိုင်လ ၂၁)ရက်နေ့တွင် လည်းကောင်း၊ ကာလတို သင်တန်းများကို ဩဂုတ်လတွင် လည်းကောင်းပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ နည်းလမ်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်သွားရာတွင်  စာသင်ခန်းအရေအတွက်တိုးချဲ့ခြင်း၊ စာသင်ခန်းအတွင်းရှိ ပုံမှန်ကျောင်းသား အရေအတွက်ထက် လျော့နည်းစွာထားရှိခြင်း၊ လက်ဆေးဘေဆင်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်နိုင်ရန် ကျောင်းရှိစက်ချုပ် သင်တန်းမှ ဆရာ/ဆရာမများက ချုပ်လုပ်ဆောင်ရွက်နေကြောင်း သိရသည်။

 

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရေးအတွက် ပူးပေါင်းကာကွယ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ချုပ်လုပ်လှူဒါန်းပေးနေတာလည်း ရှိပါတယ်။ ခြေနင်း လက်ဆေးဘေစင်များကိုလည်း ကျောင်းကနေ ပြုလုပ်နေပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ကို လှူဒါန်းထားသလို ကျောင်းပြန်ဖွင့်ရင်လဲ အသုံးပြုဖို့ပြုလုပ်နေတာ ဖြစ်ပါတယ်” ဟု အစိုးရနည်းပညာ အထက်တန်းကျောင်း ဘားအံကျောင်းအုပ် ဒေါက်တာချိုယုမွန်က ပြောသည်။

 

အဆိုပါ အစိုးရနည်းပညာ အထက်တန်းကျောင်းဘားအံတွင် ရပ်ဝေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ယာ၊ ကျောင်းသားအိပ်ဆောင်၊ စာသင်ဆောင်များကိုလည်း တိုးချဲ့ ဆောက်လုပ်ထားသဖြင့် ယခင်ထက် ကျယ်ဝန်းစွာ စာသင်ကြားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)