ဖလမ်း ဇွန် ၁၀
ဖလမ်းမြို့ပေါ်ရှိ မသန်စွမ်းသူများကို ဇွန် ၉ ရက်နေ့တွင် စေတနာ့ဝန်ထမ်းများက ဆန်၊ ပဲ၊ ကြက်သွန်နီ များကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
"ဖလမ်းမြို့ပေါ်အတွင်းမှာရှိတဲ့ ခက်ခဲတဲ့မသန်စွမ်းတွေ၊ စားရေးသောက်ရေး နည်းနည်း လေး ဒုက္ခ ရောက်နိုင်တဲ့ အနေအထားမှာရှိတဲ့ ဟာတွေ ကိုဗစ်ကော်မတီကနေ ဆန်တစ်ပုံးရယ်၊ ထောပတ်ပဲ တစ်ပိဿာ ရယ်၊ ကြက်သွန်နီ တစ်ပိဿာရယ်ကို အိမ်တိုင်ရာရောက် ကိုဗစ် Volunteer ကနေ လိုက်လံပို့ဆောင်နေခြင်း ဖြစ်ပါတယ်။ ဖလမ်းကိုဗစ်-၁၉ ကော်မတီရဲ့ ဒုတိယ အကြိမ်မြောက် ပေးအပ်မှုပါ။ ပထမအကြိမ်တုန်းကတော့ ဖလမ်းမြို့အတွင်းမှာရှိတဲ့ အသင်း တော်အခြေပြုပြီးတော့ ပုံမှန်ဝင်ငွေမရှိတဲ့ စားဝတ်နေရေးခက်ခဲသော အိမ်ထောင် မိသားစု(၂၅၀)ကို ဆန်တစ်ပုံးစီ ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်"ဟု ကိုဗစ်-၁၉ ဖလမ်းကော်မတီ အတွင်းရေးမှူး ဆလိုင်းငယ်ပီးသျှန်အုပ်ထန်းက ပြောသည်။
ဖလမ်းမြို့ရှိ အသင်းတော်(၃၆)ခုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၅၀)ကို အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပုံးစီကို မေလ ၃၁ ရက်နေ့က ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ဇွန်လ ၉ ရက်နေ့တွင် မသန်စွမ်းသူ( ၄၇ )ဦးကို တစ်ဦးလျှင် ဆန်တစ်ပုံး၊ ထောပတ်ပဲ တစ်ပိဿာနှင့် ကြက်သွန်နီ တစ်ပိဿာ စီတို့ကို ကိုဗစ်-၁၉ ဖလမ်းကော်မတီက ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဂျွန်( ပြန်/ဆက် )


