ရန်ကုန်   ၁၀  ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သက်တန့်ရောင်စီမံချက်ဖြင့် မျိုးစေ့အဆင့်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒလမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံ  စူပါနှံကောက် မျိုးစပါးများ အခမဲ့ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့သည်။

 

mdn

 

 “ ကိုဗစ်-၁၉ ရောဂါကာလအလွန် လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်ရေး အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေး၊  ဆန်းစပါးထုတ်လုပ်မှု လျော့နည်းမှုမဖြစ်ပေါ်စေရေးနှင့် ပြန်လည်ဖြည့်တင်းရေးအတွက် ရည်ရွယ်ပြီး  အထွက်ကောင်း မျိုးစပါးများကို တောင်သူဦးကြီးများ ကျယ်ပြန့်စွာ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ တိုးတက်စေ မှာဖြစ်ပါတယ်၊တစ်နိုင်တစ်ပိုင် လုပ်ကွက်ငယ် တောင်သူများကို ဦးစားပေးပြီး ဖြန့်ဖြူးပေးသွားမှာပါ၊ တောင်သူများအနေဖြင့် ယခုဖြန့်ဝေပေးတဲ့ မျိုးကောင်းမျိုးသန့်တွေကို စနစ်တကျစိုက်ပျိုးပြီးတော့ အထွက်နှုန်း ကောင်းမွန်အောင် ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်၊ လိုအပ်တဲ့ နည်းပညာ အခက်အခဲတွေ ကိုလည်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတို့ကို ဆက်သွယ်ပြီး အကူအညီများ တောင်းခံနိုင်ပါတယ် ” ဟု ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းက ပြောသည်။

 

အဆိုပါ မျိုးစပါးများ ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ တောင်ပိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသူ ၊ မြို့နယ်စက်မှု လယ်ယာဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးငြိမ်းသူဟန် တို့က   ကျေးရွာ(၁၇)ရွာရှိ  တောင်သူ (၁၄၂)ဦး တို့၏ လယ်မြေဧက(၅၀ဝ) အတွက်  စူပါနှံကောက် မျိုးစပါးတင်း(၇၅၀) ကို ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)