ကာလိ ၁၀ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ကာလိမြို့တွင် စားနပ်ရိက္ခာထောက်ပံ့ရန် ကျန်ရှိနေသည့် အမှတ်(၁) နှင့်(၃)ရပ်ကွက် ပြည်သူလူထုများအား ယနေ့နံနက် ၉ နာရီတွင် နမ့်ခုံးရှမ်းများ ပရဟိတ ခန်းမ၌ ထပ်မံထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကာလိမြို့ပေါ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း ၃၀ဝ အား တောင်ကြီးမြို့ COVID-19 Pandemic ရှမ်း ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ များ ထောက်ပံ့လှူဒါန်း ပေးခဲ့ရာ ကာလိမြို့ နမ့်ခုံးရှမ်းများပရဟိတအဖွဲ့က ရပ်ကွက် (၂၊ ၄၊ ၅၊ ၆) ပြည်သူများနှင့် ကန့်သတ်စောင့်ကြည့် ပြည်သူများအား ယမန်နေ့ကထောက်ပံ့ပေးပြီးဖြစ်၍ စားနပ်ရိက္ခာများ ထောက်ပံ့ရန် ကျန်နေသည့် အမှတ်(၁)နှင့် (၃)ရပ်ကွက်နေ ပြည်သူလူထုများ အိမ်ထောင်စုပေါင်း ၁၃၈ စုတို့အား ယနေ့နံနက်ပိုင်းတွင် ထပ်မံပြန်လည် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်းတွင် ကာလိမြို့နေ ပြည်သူများအတွက် ရှမ်းဘာသာဖြင့် ရိုက်နှိပ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)


