ပုဗ္ဗသီရိ    ၁၀   ဇွန်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရေကြီးနစ်မြုပ်မှုမရှိစေရန်အတွက် ရွာတော်ကျေးရွာအုပ်စု ရွာတော်တောင်ရွာနှင့် မြောက်ရွာကြားရှိ ရိုးဟောင်းအား ပြန်လည်တူးဖော်ခြင်းနှင့် ကျေက်စီခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရွာတော်တောင်ရွာနှင့် မြောက်ရွာကြားရှိ ရိုးဟောင်းတူးဖော်ခြင်းနှင့် ကျောက်စီခြင်းလုပ်ငန်း အပါအဝင် ချောင်းဟောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ငါးခု၊ မြောင်းဖြတ်လမ်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းသုံးခု၊ ရေဆိုးထုတ်ပြွန်နှင့် ရေပေးပြွန်တပ်ဆင်ခြင်း လုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း ၉ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်" ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူးဦးခင်မောင်သန်းက ပြောသည်။

 

"နှစ်တိုင်းလိုလို မိုးရာသီရောက်ပြီဆိုတာနှင့် ကျွန်တော်တို့ ရွာတော် တောင်ရွာနှင့် မြောက်ရွာ ကြားမှာရှိတဲ့ ရိုးကရေလျှံပြီး  ရွာမှာရော၊ စိုက်ပျိုးထားတဲ့ လယ်တွေမှာပါရေနစ်မြုပ်တာတွေ ကြုံတွေ့ရပါတယ်။ ယခုလို ချောင်းဟောင်းကို ပြန်လည်တူးဖော်ပြီး ကျောင်စီပေးတဲ့အတွက် စိုက်ပျိုးရေး လုပ်ကိုင်တဲ့နေရာမှာအဆင်ပြေပြီး ရေနစ်မြုပ်မှာလည်းစိုးရိမ်စရာ မရှိတော့ပါဘူး" ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

 

အဆိုပါ ရိုးဟောင်းတူးဖော်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းကို ၂၀၂၀ မတ်လမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အလျားပေ ၇၅၀၊ အကျယ် ၂၄ ပေ၊ အနက် ၇ ပေရှိကာ ယခုအခါ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သောကြောင့် အိမ်ထောင်စု ၁၁၉၈ စု၊ လူဦးရေ ၂၅၁၄ ဦး နှင့် လယ်ဧက ၈၀ တို့အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)