ဟားခါး ၁၀ ဇွန်
ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ဆေးဝါးဓာတ်ခွဲဦးစီး အရာရှိ ဒေါ်မွန်မွန်ခိုင်နှင့် ဝန်ထမ်းများ ဉီးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ဇွန်လ ၉ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များ သို့ရောက်ရှိပြီး စျေးကွက်အတွင်း သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြရာ ဆေးဝါးအရောင်းဆိုင် စုစုပေါင်း(၁၀)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စုစုပေါင်းငွေကျပ် ၁၈၀၀၀၀ တန်ဖိုးရှိ သက်တမ်းလွန်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပူးပေါင်းကော်မတီအဖွဲ့တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်စားသုံးသူရေးရာနှင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနတို့ ပါဝင်ပြီး ဟားခါးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ဆေးဆိုင်များ တွင်ရှိသော သက်တမ်းလွန် လူသုံးဆေးဝါးများကို ရောင်းချရန် မသင့်တော်သဖြင့် သိမ်းဆည်းခဲ့ကြသည်။
သိမ်းဆည်းရမိသည့် သက်တမ်းလွန်ဆေးဝါးများကို ဟားခါးမြို့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


