မလှိုင်   ၁၀  ဇွန်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီတွင် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း(Volunteer)များ ဆင့်ပွှား သင်တန်းပို့ချခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါသင်တန်းတွင် မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က အဖွင့်အမှာစကားပြောကြား ခဲ့သည်။

 

စေတနာ့ဝန်ထမ်း(Volunteer)များ ဆင့်ပွှားသင်တန်းတွင် မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဒေါက်တာ နိုင်လင်းအောင်နှင့် ဒေါက်တာပိုင်ငြိမ်းဦးတို့က စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စေတနာ့ဝန်ထမ်း တာဝန်နှင့် လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း၊ ရောဂါကာကွယ်ခြင်းနည်းလမ်းများ၊ သံသယ လူနာအား ညွှန်ကြားခြင်း၊ ဦးတည်အုပ်စုအလိုက် ညွှန်ကြားမှုပေးခြင်း၊ Quarantine ဝင်သူများ၏ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းနှင့် ပြောဆိုဆက်ဆံရေးတွင် ကျွမ်းကျင်မှုရှိအောင် သင်ပြပို့ချခြင်းများ ဆောင်ရွက်ခဲ့သည်။

 

မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာ နေမင်းမျိုးထွန်း၊ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးသန်းဌေး၊ မလှိုင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုဦးစီးဌာန ဦးကိုကိုအောင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး ပရဟိတလုပ်ငန်းများဆောင်ရွက်နေသည့် saving mahlaing အဖွဲ့ Quarantine စင်တာ များအား ထမင်းချက်ပြုတ်ကျွေးမွေးနေသည့် QCSG Mahlaing အဖွဲ့သားများ တက်ရောက်ခဲ့သည်။

 

သင်တန်းအား သုံးရက်ကျင်းပမည်ဖြစ်ပြီး တစ်ရက်လျှင် စေတနာ့ဝန်ထမ်း ၁၀ဝ တက်ရောက်လျက် ရှိသည်။

 

ဘိုဘို(မလှိုင်)