ဟုမ္မလင်း ၁၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်တွင် မိုးစပါးဧက ၆၀,၀၀၀ ကျော် စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိနိုင်ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မိုးစပါးစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး စိုက်ပျိုး သည့် စံပြကွက်များမှာ မိုးစပါးတစ်ဧကလျှင် ၁၁၀ နှင့် ၁၁၅ တင်း ခန့်ထွက်ရှိနိုင်ပြီး၊ ဟုမ္မလင်း မြို့နယ်ရှိ မြေပြန့်ရှမ်းတိုင်းရင်းသားများသည် ဆန်စီးများကိုပို၍ နှစ်သက်သောကြောင့် ၎င်းတို့နှင့် ကိုက်ညီသည့် ဆင်းဧကရီ-၃ ကိုသာ အဓိကထားပြီး စိုက်ပျိုးပါကြောင်း၊ ဒါ့အပြင် ရွှေဘိုပေါ်ဆန်း နှင့်ဧရာမင်းစပါးများလည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ အလားတူ တောင်သူများပုံမှန်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသည့်မိုးစပါးများမှာ ပျမ်းမျှအားဖြင့် တစ်ဧကလျှင် တင်း ၇၀ ခန့်ထွက်ရှိပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမင်းမင်းဇော် က ပြောသည်။
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၇၈ အုပ်စုရှိသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မိုးစပါး GAP စနစ်နှင့် စိုက်ပျိုးနိုင်ရေး၊ တောင်သူများ ကိုယ်တိုင် မျိုးသန့်ထိန်းသိမ်း၍ ဆက်လက်မျိုးရယူ စိုက်ပျိုးနိုင်ရေး မိမိတို့ဌာနမှနည်းပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်လက်ပြောကြားသည်။
မွှေးကြူဇင်(မုံရွာကိုယ်ပွား)


