နေပြည်တော်  ၁၀  ဇွန်

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ တက္ကသိုလ် အဆင့်ရည်ညွှန်း စာစောင်များနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ရည်ညွှန်း စာစောင်တို့ကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဖတ်ရှုလေ့လာနိုင်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များရှိ ဥပဒေအထောက် အကူပေးရေး အဖွဲ့ရုံးများသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိ နိုင်ရန်အတွက် လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးခင်ဇော်နှင့် အဖွဲ့ဝင်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစန်းဝင်းနှင့်  ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက ယခုလွှဲပြောင်းပေးအပ်သော စာစောင်များမှာ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက် တန်းအဆင့် ရည်ညွှန်း စာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်(၁)၊ (၂) နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁) စုစုပေါင်း(၄)မျိုးဖြစ်ပြီး ကော်မရှင်၏ လူထုအသိပညာပေးရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့နှင့် လက်အောက်ခံရုံးများ၊ စာကြည့်တိုက် များတွင် ထားရှိနိုင်ရေးအတွက် ဖြန့်ဝေပေးနိုင်ရန် လွှဲပြောင်းပေးရခြင်းဖြစ်ပါကြောင်း၊ ကော်မရှင် သည် ၂၀၁၈ -၂၀၂၁ မဟာဗျူဟာ စီမံချက်အရ ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ည)တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို အခြေခံ ပညာမူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေး ပြဌာန်းထားပြီးဖြစ်၍ ၂၀၁၈ခုနှစ်တွင် မူလတန်းအဆင့် ဆရာကိုင် စာအုပ် အုပ်ရေ ၄၀ဝ၀ဝ နှင့် ၂၀၁၉ခုနှစ်တွင် အလယ်တန်းအဆင့် ဆရာကိုင်စာအုပ် အုပ်ရေ ၄၀ဝ၀ဝ ကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုနှစ်တွင် အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို အချိန်တိုအတွင်း ကြိုးစားပြုစု၍ မဏ္ဍိုင်(၃)ရပ်သို့ လွှဲပြောင်းပေးအပ် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များသည် တရားဥပဒေစိုးမိုးရေးတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ရသည့် အဖွဲ့အစည်းများဖြစ်သည့်အပြင် ပြစ်မှုကျူးလွန်ခြင်းများကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူအား ဥပဒေဆိုင်ရာဗဟုသုတတိုးပွားစေရန် ပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့၏ လက်အောက်ခံရုံးများရှိ ဥပဒေပညာရှင်များမှ ယခုလှူဒါန်းသည့် ရည်ညွှန်းစာစောင်များ အား ဖတ်ရှုလေ့လာပြီး အဂတိကင်းစင်သော လူ့ဘောင်အသိုက်အဝန်း ဖော်ဆောင်ရေးအတွက် အများ ပြည်သူသို့ အသိပညာ ဗဟုသုတများ ဆက်လက်မျှဝေပေးသွားကြရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း ပြောကြားခဲ့ပြီး ရည်ညွှန်း စာစောင် အစုံ ၃၀ဝ အား လွှဲပြောင်း ပေးအပ်သည်။

 

ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး အစီအစဉ် ရည်ညွှန်းစာစောင်များကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ် အဆင့်အလိုက် ပြုစုဆောင်ရွက်မှုများနှင့် အဆိုပါစာအုပ်များကို လေ့လာဖတ်ရှုခြင်း အားဖြင့် လူငယ်များ အနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံကောင်းများရရှိစေပြီး အနာဂတ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များစသည့် နယ်ပယ်အသီးသီးတွင် တာဝန်ယူဆောင်ရွက် ရမည်ဆိုပါက ကောင်းမွန်သော အကျိုးသက်ရောက်မှု များရရှိမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ဆိုးကျိုးများ နည်းပါးစွာဖြင့် ဖြောင့်မတ်တည်ကြည်စွာရပ်တည်နိုင်ပြီး အဂတိလိုက်စားမှုများကို ဆန့်ကျင်ခြင်း၊ ဖော်ထုတ်ပြသသည့် အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူးက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကော်မရှင်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး ဇာတ်လမ်းတိုများ၊ စာအုပ်စာစောင်များ ပြုစုထုတ်ဝေရေးသားနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ အဂတိလိုက်စားမှုပြုလုပ်ခြင်းသည် ဖြောင့်မတ်တည်ကြည်မှု ဆုံးရှုံး ပျက်စီးခြင်း ဖြစ်ပါသဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်များကို သင်ကြားပေးမည့် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် အတွေးအခေါ် များ ထည့်သွင်းသင်ကြားနိုင်မည်ဆိုပါက ပိုမိုထိရောက်နိုင်ပါကြောင်း၊ ယခုရည်ညွှန်းစာစောင်များ သည် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုထုတ်ဝေခဲ့သည့်အတွက် မိမိတို့အနေဖြင့်လည်း   နေပြည်တော် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအသီးသီးရှိ  အဖွဲ့ဝင်များအား ဖတ်ရှုလေ့လာစေ၍ လူထုအသိပညာပေးရေးဆိုင်ရာ အခမ်းအနားများတွင် ထည့်သွင်းဟောပြော ဆွေးနွေးသွားရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)