ရန်ကုန် ၁၀ ဇွန်
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားများ ဖော်ထုတ်ပြသရေး ဆပ်ကော်မတီနှင့် ပြခန်းများခင်းကျင်းပြသရေး ဆပ်ကော်မတီတို့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများ ဖော်ထုတ်ပြသရေး ဆပ်ကော်မတီ အစည်းအဝေးကို နံနက်ပိုင်းတွင် ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးနှင်းမိုးနှင့် ဆပ်ကော်မတီဝင်များက ၁၉၅၂ ခုနှစ်နောက်ပိုင်း အကယ်ဒမီရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများအဖြစ် သတ်မှတ်ရေး၊ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ယခင်ကထင်ရှားကျော်ကြားခဲ့သည့် သမိုင်းဝင်ဇာတ်ကားများကို ဒီဂျစ်တယ်စနစ်ပြုလုပ်၍ ရုပ်ရှင်ရုံများ၌ ဖော်ထုတ်ပြသရေး၊ သမိုင်းဝင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ထူးချွန်ဝါရင့်အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်ပညာရပ်နယ်ပယ်တွင် ထူးချွန်ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်များကို အင်တာဗျူးဆောင်းပါးများ ရေးသားရိုက်ကူးဖော်ပြရေး၊ သမိုင်းဝင်ရုပ်ရှင် ဇာတ်ကားများ၊ ရုပ်ရှင်တေးသီချင်းများ၊ ရုပ်ရှင်ရာပြည့်အစီအစဉ်များနှင့် အကယ်ဒမီ သမိုင်းကြောင်းများကို ရုပ်သံများနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် ရိုက်ကူးထုတ်လွှင့်ပြသရေးတို့ကို ဆွေးနွေးသည်။
ပြခန်းများ ခင်းကျင်းပြသရေး ဆပ်ကော်မတီ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်မြင့်မြတ်ကိုယ်စား ဆပ်ကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းနှင့် ဆပ်ကော်မတီဝင်များက မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြခန်းများ၊ ပြသမည့်နေရာများ လျာထားမှုအခြေအနေ၊ မြန်မာ့ရုပ်ရှင် ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် အသုံးပြုခဲ့သော စက်ကိရိယာပစ္စည်းများ၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသနိုင်ရေး၊ မြန်မာ့ရုပ်ရှင် ငွေရတု၊ ရွှေရတု၊ စိန်ရတုအခမ်းအနားများ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသရေးနှင့် ခေတ်အဆက်ဆက် ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ဇာတ်ကားများမှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ အသုံးပြုခဲ့သည့် ဇာတ်ဝင်ခန်းသုံးပစ္စည်းများ၊ အကယ်ဒမီပြခန်း၊ ကာတွန်းရုပ်ရှင်၊ ဇာတ်လမ်းတို ရုပ်ရှင်များခင်းကျင်းပြသရေး၊ အများပြည်သူပရိသတ်နှင့် ရုပ်ရှင်အနုပညာရှင်များ ရင်းနှီးမှုပိုမိုရရှိစေမည့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပြီး အမှတ်တရဖြစ်စေမည့်ပြခန်း ထည့်သွင်းပြသရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သမိုင်းဝင်ဇာတ်ကားများရွေးချယ် စုဆောင်း၍ ပြသနိုင်ရေး၊ အကယ်ဒမီများရှင် သရုပ်ဆောင်များနှင့် တွေ့ဆုံဆွေးနွေးခန်းများရိုက်ကူးရေး၊ ရုပ်ရှင်တေးသီချင်းများ ဖော်ထုတ်ပြသနိုင်ရေး၊ ပြခန်းများပြသရေးတို့နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
ဥမ္မာ၊ ရီရီ


